ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာက နောက်ထပ် ဒေသခံတွေ တိမ်းရှောင်နေရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။
ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ညကလည်း ကျောက်တန်းတိုက်နယ် အောင်သာစည်ရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံရွာသားတဦးကပြောပါတယ်။
“မနေ့ကဖြစ်တဲ့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ ည ၈ နာရီလောက်မှာ လေယာဉ်(ရဟတ်ယာဉ်)နဲ့ လာပစ်တယ်။ မြန်မာတပ်မတော်က ဆုတ်ပြေးသွားတယ်။ ထီးစွဲနဲ့ အောင်သာစည်ကြား။ အဲဒီတောင်ကုန်းလေးကို ပထမနေ့က ဗမာ့ တပ်မတော်ကခြေကုတ်ယူထားတယ် အဲတာကို AA က ညဘက်ဝင်စီးထိုးစစ်ဆင်လို့ သူတို့ ဆုတ်ပြေးသွားတယ်။ မနက်မိုးလင်းတော့ အလောင်းနဲ့ လက်နက်သိမ်းဆီးရတယ်လို့ ပြောတာပဲ AA အဖွဲ့ကလေ။”
စနေနေ့မှာ တပ်မတော်က ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ အောင်သာစည်နဲ့ ထီးစွဲကြားက AA အခြေပြုရာတောင်ကုန်း တခုကို နောက်တနေ့မှာပဲ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ခဲ့တလို့လည်း AA အဖွဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
“အဲဒီမြန်မာစစ်တပ်ဘက်က သိမ်းပိုက်ခဲ့တဲ့ တောင်ကုန်းကို မနေ့က အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲက စပြီးတော့မှ ကျနော်တို့ရဲ့ အာရက္ခစစ်သည်တွေက ပြန်လည်ထိုးစစ်ဆင်ပြီးတော့ လက်ရသိမ်းပိုက်ခဲ့တာ ရှိတယ်။ ည ၇ နာရီခွဲလောက်မှာ အဲဒီတောင်ကုန်းမှာရှိတဲ့ ရန်သူအားလုံးကိုလည်း အပြတ်အသတ်ချေမှုန်းပြီးတော့မှ အဲဒီတောင် ကုန်း ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်။ အဲဒီတိုက်ခိုက်သိမ်းပိုက်မှုအတွင်းမှာ ရန်သူအရာရှိစစ်သည်တွေ အပါအဝင် ရန်သူဘက်က အကျဆုံးတွေ အများအပြား ရှိတယ်ဗျ။ ရန်သူစစ်လက်နက်ခဲယမ်း ပစ္စည်းတွေလည်း ကျနော်တို့ဘက်က နေပြီးတော့ သိမ်းပိုက်နိုင်ခဲ့တာရှိတယ်။”မင်းပြားမြို့နယ် မေလွမ်းရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က ထိခိုက်မှု ရှိခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပေမဲ့ သီးခြားအတည်ပြုလို့တော့ မရပါဘူး။
တိုက်ပွဲဖြစ်ရာနေရာနဲ့ အနီးအနားရွာတွေ တဝိုက် ဒီနေ့မနက်ပိုင်း မယူမြစ်အတွင်းကနေ မြန်မာရေတပ်သင်္ဘောတွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။
ဒီမနက်ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်၊ ပြင်ရှည်အုပ်စု၊ စဖိုကျွန်းအနီးကံပြင်ကျေးရွာမှာ အသက် ၇ဝ ကျော် အရွယ် စစ်ဘေးရှောင်အဖိုးအိုတစ်ဦး လက်နက်ကျည်ထိမှန်ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သလို အနီးနားရွာသား တွေ စေတီပြင်ရွာစစ်ရှောင်စခန်းဘက်ကို တိမ်းရှောင်နေရတယ်လို့ စေတီပြင်ဒေသခံရွာသားတဦးကပြောပါတယ်။
“စဖိုကျွန်းကံပြင်မှာ အဲဒီဇက်NAVY ကပစ်တာ။ လက်နက်ကြီး ထိတယ်တယောက်။ ဘယ်ဖက်တက်ပါးက ဝင်ပြီးတော့ ဝမ်းကနေထွက်သွားတယ်။ စိုးရိမ်ရတယ်။ စိုးရိမ်ရလို့စစ်တွေကိုယူသွားပြီး။ ရွာသားတွေကတော့ အဲဒီဇက်NAVY တက် လာရင် အကုန်စေတီပြင်ကိုပြေးလာကြတယ်။ ပုံမှန်က ၂,၀၀၀ လောက်ပဲ ရှိတယ်။ ဇက်NAVY တက်လာပြီဆိုရင်တော့ အောက်ဘက်အနီးနား မေယုမြစ်နားကရွာတွေအားလုံး ပြေးလာကြတယ်ပေါ့။ အောက်ကျွန်းစောင် အောင်ဇေကုန်း စဖိုကျွန်း ကန်ပြင် ပြင်ဝန်း မြစ်နားမှာရှိတဲ့ရွာတွေပေါ့။”
အလားတူမိုးစဲကျွန်းဘက်မှာလည်း ရေတပ်သင်္ဘောကနေ ပစ်ခတ်မှုကြောင့် ရွာသားတွေရွာကနေ တိမ်းရှောင်နေရတယ်လို့ ရွှေလောင်းတင်ရွာခံတဦးက ပြောပါတယ်။
“ကံပြင်ကို ပစ်တယ်။ မြင်းဂန်ချောင်းဘက်ကို ပစ်တယ်၊ ရွှေလောင်းတင်ဘက်ကို ပစ်တယ်။ ရွာသားတွေက အကုန်လုံး ထွက်ပြေးနေရတယ်။ နီးစပ်ရာကိုပြေးနေရတယ်။”
မိုးစဲကျွန်းဘက်က ကျေးရွာအများစုက ရွာသားထောင်ချီဟာ ရေပိုက်ဆုံ ဦးဂါရွာတွေဘက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ရေတပ်သင်္ဘောကနေ ပစ်ခတ်မှုဘေးကနေ တိမ်းရှောင်နေကြတာပါ။
မင်းပြားမြို့နယ်နဲ့ ရသေ့တောင်ကျောက်တန်းတိုက်နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေတာနဲ့ပက်သက်လို့ အခြေအနေ သိရှိဖို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
တနင်္ဂနွေနေ့ညနေပိုင်း ဗွီအိုအေကနေ ဆက်သွယ်မေးမြန်းချက်မှာတော့ ရသေ့တောင်မြို့နယ်ဘက်မှာ တပ်မတော်ကနေ လမ်းလုံခြုံရေးဆောင်ရွက်နေစဉ် AA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။
“ကျနော်တို့ ရသေ့တောင်နဲ့ ဘူးသီးတောင်ကြားထဲမှာ ရှိတဲ့ ရေလမ်းကုန်းလမ်း လုံခြုံရေးအတွက်တပ်အနေနဲ့က လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတာ ရှိတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာရှိတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်တနက်ကိုင် AA အဖွဲ့တို့ ၂ နှစ်နီးပါး စစ်ရေးပဋိပက္ခကာလအတွင်း တနေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် ဦးရေမှာ ၂၂၀,၀၀၀ ကျော်အထိ ရှိလာပြီလို့ ရခိုင်လူမှု အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။
https://burmese.voanews.com/a/rakhine-conflict/5609147.html
No comments:
Post a Comment