Sunday, October 4, 2020

တားမြစ်နယ်မြေကို ဖြတ်သည့် စက်လှေနှစ်စီးကို ပစ်ခတ်တားဆီးရာက အရပ်သား ၃ ဦးသေဆုံး

 ရခိုင်ပြည်နယ်၌ အောက်တိုဘာ ၅ ရက်ည ၁၁ နာရီဝန်းကျင်က ညမထွက်ရ အမိန့်ထုတ်ထားသည့် မင်းပြားမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်လာသော စက်လှေနှစ်စီးကို ပစ်ခတ်တားဆီးရာက အရပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း AA အဖွဲ့ဝင်များ ညအချိန်ဝင်ထွက်သွားလာမှုများမရှိစေရေးနှင့် နယ်မြေလုံခြုံရေးအတွက် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၅ ရက် ညပိုင်းက လုံခြုံရေးဆောင်ရွက်စဉ် အထက်ပါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအဖွဲ့သည် အောက်တိုဘာ ၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မင်းပြားမြို့၊ စမ္ဘလေချောင်းကူး ဦးစိုးတင့်တံတားသို့ရောက်ရှိစဉ် ချောင်းအတိုင်း မြောက်မှတောင်သို့ စက်လှေ ၂ စီး ဖြတ်သန်းမောင်းနှင်သွားသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်ရန်အော်ဟစ်ပြောဆိုခဲ့သည်။ သို့သော်လည်း စက်လှေများက ရပ်တန့်မှုမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးရာ လုံခြုံရေးအဖွဲ့က ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်က ဆိုသည်။

အဆိုပါစက်လှေ ၂ စီးကိုစစ်ဆေးရာ စက်လှေတစ်စီးတွင် သေဆုံးလျက်ရှိသည့် (နေရပ်စိစစ်ဆဲ) မွတ်ဆလင်အမျိုးသား အလောင်း ၃ လောင်းအား သိမ်းဆည်းရမိခဲ့ပြီး၊အခြားစက်လှေတစ်စီးပေါ်တွင် မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်နေ မောင်ကြီး၊ ကျော်မင်းစိုး၊မောင်မောင်ဦး တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါတားမြစ်မိန့်ထုတ်ပြန်ထားသည့်နယ်မြေအတွင်း ဖမ်းဆီးရမိသူများမှာAA အဖွဲ့နှင့်ဆက်စပ်မှု ရှိ မရှိ စစ်ဆေးမှုများပြုလုပ်နေသည့် အပြင် ဖမ်းဆီးရမိသူ ၃ ဦးနှင့် မွတ်ဆလင် ၃ ဦး၏အလောင်းများကို တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေသည်ဟု တပ်မတော်က ဆိုသည်။

https://myanmar.mmtimes.com/news/144629.html

No comments:

Post a Comment