Sunday, October 4, 2020

ရသေ့တောင်မြောက်ပိုင်း ကျောက်တန်းနယ်မှာ တိုက်ပွဲအပြင်းထန်ဖြစ်၊

 ရသေ့တောင်မြို့နဲ့ မြောက်ဘက် လေးမိုင်လောက်ဝေးတဲ့ ကျောက်တန်း နယ်မြေအတွင်းက ကျေးရွာတွေအနီးမှာ အောက်တိုဘာ ၃ ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေကြတယ်လို့ ရသေ့တောင်မြို့ခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်သံတွေကိုလည်း ကြားနေရသလို ရဟတ်ယာဉ်တွေနဲ့ လာရောက် တိုက်ခိုက်တာတွေကိုလည်း မြင်တွေ့နေရတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် ရသေ့တောင်-ဘူးသီးတောင် ဆက်သွယ်ထားတဲ့ ကားလမ်းနဲ့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေလမ်းကြောင်း လမ်းပန်းဆက်သွယ်မှုမှာ အရေးပါတဲ့ ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းနေရာတွေက အခိုင်အမာနေရာယူထားတဲ့ အေအေ တပ်ဖွဲ့ဝင်တွေရဲ့ စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ အောက်တိုဘာလ ၄ရက်နေ့က တပ်မတော်ဘက် ကထုတ်ပြန်ခဲ့ပါတယ်။

အခု တိုက်ပွဲဖြစ်ပွားတဲ့နေရာ တွေဟာ ရသေ့တောင်မြို့နယ်ကျောက်တန်းနယ်မြေအတွင်းက ထီးစွဲ၊ အောင်သာစည်၊ ကျောက်တန်းကျေးရွာတွေအနီးဝန်းကျင်မှာ ဖြစ်ပွားနေကြတာဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့ညကလည်း တိုက်ပွဲတွေဖြစ်ပွားနေကြတဲ့အသံတွေကိုမြို့ပေါ်ကနေ ကြားနေရပြီး ရဟတ်ယာဉ်တွေ ပျံသန်းနေတာကို တွေ့ခဲ့ရတယ်လို့ ရသေ့တောင်မြို့ခံတွေက ပြောဆိုကြပါတယ်။

ရသေ့တောင်၊ချိန်ခါလီကျေးရွာအနီးတိုက်ပွဲဖြစ် ၊ရွာလုံးကျွတ်ထွက်ပြေး

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် မေယုဘက်ကမ်း ကံပြင်ကျေးရွာမှာတော့ လက်နက်ကြီး ကျည်တစ်လုံး အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းက ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် စစ်ဘေးဒုက္ခသည် အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ အောက်တိုဘာ ၅ရက်နေ့ မနက်ပိုင်း ၁၁ နာရီကျော်အချိန် မေယု မြစ်ကြောင်း အတွင်းတက်လာတဲ့ ရေတပ်သင်္ဘော ပေါ်ကနေ ပစ်ခတ်ခဲ့တာလို့ ရွာသားတွေဘက်က ပြောပြီး ကံပြင်ကျေးရွာမှာရှိနေတဲ့ ဒုက္ခသည်စခန်းအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၇၀ ကျော်အရွယ် ဦးသင်္ကြန်လုံးရဲ့ ပေါင်နဲ့ ဆီးအိမ်မှာထိမှန်ခဲ့တာဖြစ်တယ်လို့ စဖိုကျွန်းကျေးရွာသား ဦးကျော်အေးမောင်က ပြောပါတယ်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဦးသင်္ကြန်လုံးကို ၁၂ နာရီလောက်မှာ စေတီပြင် တိုက်နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် နေ့လယ်ပိုင်းမှာ စစ်တွေဆေးရုံကို ဆက်လက် ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နှစ်ရက်ခန့်ကစပြီး တပ်မတော်နဲ့အေအေ တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မေယုကမ်းဘက်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရေတပ်သင်္ဘောတွေကနေ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဦးကျော်အေးမောင်က ပြောပါတယ်။

မေယုကမ်းဘက်ကို တပ်မတော်ရေယာဉ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။အောက်တိုဘာ ၅ ရက် မနက်ပိုင်းက မေယုမြစ်ကြောင်းအတိုင်းတက်လာတဲ့ တပ်မတော်ရေယာဉ်သုံးစီးဟာ မင်းကျွန်းထီးစွဲချောင်းဝအနီးကနေ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ကံပြင်ကျေးရွာအပြင် တခြားကျေးရွာတွေ အနီးဝန်းကျင်နေရာတွေမှာလည်း လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံပြင်ကျေးရွာမှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းရှိပြီး အခုနှစ်စပိုင်းက ရသေ့တောင်ဘက်ကမ်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့အတွက် ရေစိုးချောင်း၊ ကျောက်တန်း စတဲ့ ကျေးရွာသားတွေ လာရောက် ခိုလှုံနေကြတာလည်း ဖြစ်ပါတယ်။

လက်နက်ကြီးတွေနဲ့ အပစ်ခံခဲ့ရတဲ့ မေယုကမ်းဘက်မှာတော့ ကံပြင်၊ စဖိုကျွန်း၊ အောင်စည်ကုန်း၊ ပြင်ဝန်းစတဲ့ ကျေးရွာတွေ အများအပြားရှိနေပြီး လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာသားအများအပြားဟာ သိမ်တောင်၊ စေတီပြင် စတဲ့ ကျေးရွာတွေဘက်ကို ထွက်ပြေးနေကြရတယ်လို့ ဦးကျော်အေးမောင်က ပြောပါတယ်။အောက်တိုဘာ ၄ ရက်နေ့ တိုက်ပွဲအတွင်း အေအေဘက်က အလောင်း၊ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရရှိခဲ့ပြီး လုံခြံရေးတပ်ဖွဲ့ဝင် တချို့လည်း ကျဆုံးတာတွေရှိသလို ထိခိုက် ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်တန်း၊ ထီးစွဲ၊ အောင်သာစည် စတဲ့ကျေးရွာတွေဟာ လူတွေမရှိတော့တဲ့ကျေးရွာတွေ ဖြစ်ပေမဲ့ အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ ရေပုတ်၊ နွားလားကျော်၊ နွားတင်းကုတ် စတဲ့ ကျေးရွာတွေမှာတော့ လူတွေ နေထိုင်လျက် ရှိနေတဲ့အတွက် ထိခိုက်မှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြို့နဲ့အနီးဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး နေ့ရောညပါ နှစ်ဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် ရသေ့တောင်မြို့ပေါ်မှာ လူတွေအသွားအလာမရှိကြသလို အဲ့ဒီတိုက်ပွဲကနေ မြို့ပေါ်ကို ရိုက်ခတ်မှုတွေ ဖြစ်ပွားလာမှာကိုလဲ စိုးရိမ်နေကြပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း အခုလိုမျိုးတိုက်ပွဲတွေကြောင့် လူတွေနေထိုင်လို့မရတော့တဲ့ ကျေးရွာပေါင်း ၄၀ ကျော်ရှိနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည်ပေါင်းကတော့ ၅ သောင်းဝန်းကျင်ထိရှိနေတယ်လို့ ကိုကျော်မင်းခိုင်က ပြောပါတယ်။

အခုကိုဗစ် ၁၉ ဖြစ်ပွားနေတဲ့ကာလအတွင်း နေရပ်စွန့်ခွာမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ကိုဗစ်ကာလအတွင်း ဒုက္ခသည်ဦးရေ သောင်းချီပြီး တိုးလာနေတာကိုတွေ့နေရတယ်လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြားဖြစ်ပွားနေတဲ့ နှစ်နှစ်ကျော်အကြာ တိုက်ပွဲတွေ အတွင်း ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသူပေါင်း ၂ သိန်း ၃ သောင်းနီးပါးထိ ရှိလာနေပြီဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ အခုလထုတ်ပြန်ချက်အရ သိရပါတယ်။

https://www.bbc.com/burmese/burma-54419123

No comments:

Post a Comment