နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်း ပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၃၀ ရက် (ယနေ့) ရက်စွဲ ထုတ်ပြန်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် Coronavirus Disease 2019 (COVID- 19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါ နိုင်ငံတော်တွင် COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုများ နေ့စဉ်တိုးပွားလျက်ရှိပါသည်။ ထို့ပြင် နိုဝင်ဘာ ၈ ရက်တွင်လည်း နိုင်ငံတော်အတွက်အရေးကြီးသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်အနေဖြင့်လည်း COVID- 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်လည်းကောင်း၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတွင်လည်းကောင်း နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး၊ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာပြုလုပ်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်း ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
http://www.theladiesnewsjournal.com/news/fri-2020-10-30-1056/13948
No comments:
Post a Comment