Friday, October 2, 2020

ရှမ်းမြောက်တွင် တပ်ဌာနချုပ်တစ်ခုနှင့် ပြည်သူ့စစ်ရုံးတို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်မတော်တပ်ရင်းဌာနချုပ်တစ်ခုနှင့် တာမိုးညဲမြို့နယ်ရှိ ပြည်သူ့စစ်ရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၅ ရက်တွင် မြန်မာတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို တအာင်းလွတ်မြောက်ရေးအဖွဲ့(TNLA))နှင့်ကိုးကန့်အဖွဲ့ဟု လူသိများသော မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတအဖွဲ့ (MNDAA)  တို့ပူးပေါင်း၍ အောက်တိုဘာ ၃ ရက် ညနေပိုင်းကကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

''တပ်ရင်းဌာနချုပ်တစ်ခုကို ကွတ်ခိုင်မြို့အနောက်ဘက်ရှိ ဟိုခိုရွာဘက်မှလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ ရှိတယ်။ ထိခိုက်ဒဏ်ရာရရှိတာမရှိဘူး။ TNLAအဖွဲ့ပဲဖြစ်တယ်။ တာမိုးညဲဌာနေပြည်သူ့စစ်ရုံးကို RPG နဲ့ TNLA၊ MNDAA ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တာရှိတယ်။ ရုံးတော့အနည်းငယ်ပျက်စီးသွားတာရှိတယ်''ဟု ၎င်းကပြောသည်။

နောက်ဆက်တွဲအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲမြို့နယ်အတွင်း တပ်မတော်နှင့် TNLA၊ MNDAAပူးပေါင်းအဖွဲ့တို့ အောက်တိုဘာ ၄ ရက် ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ တပ်မတော်က မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိ TNLA တပ်စခန်းများကို အောက်တိုဘာ ၂ ရက်တွင် စတင်တိုက်ခိုက်လာ၍ လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု တအင်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့(TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောသည်။

''ကျွန်တော်တို့က တိုက်ခိုက်တာမဟုတ်ပါဘူး။ သတိပေးပစ်ခတ်တာဖြစ်တယ်။ ဒါပေမယ့် လက်နက်နဲ့ပစ်တယ်ဆိုတာ ပန်းနဲ့ပေါက်တာတော့မဟုတ်ဘူးပေါ့ဗျာ''ဟု ၎င်းကပြောသည်။အောက်တိုဘာ ၂ ရက်မှ ၄ ရက်အထိ တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှု ရှစ်ကြိမ်အထိရှိခဲ့သည်ဟု သိရသည်။ တပ်မတော်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသမှအပ ကျန်နေရာအားလုံးကို အောက်တိုဘာလကုန်အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသည်။ ထိုနည်းတူ TNLA၊ MNDAA၊ AA တို့ သုံးဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၉ ရက်အထိ ကြေညာထားသည်။


https://myanmar.mmtimes.com/news/144596.html

No comments:

Post a Comment