စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းခွဲနီးပါး စားရေးသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေဆိုးဝါးနေ
ရန်ကုန်၊ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် နေထိုင်ခွင့်မရဘဲ ပြင်ပတွင် တိမ်းရှောင်နေရသော စစ်ဘေးသင့်ဒုက္ခသည်ပြည်သူ တစ်သိန်းခွဲနီးပါး စားရေးသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေဆိုးဝါးလျက်ရှိကြောင်း ရခိုင်မျိုးနွယ်စုများအစည်းအရုံး REC မှ အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ၂၂၆၈၀၄ ဦးရှိနေပြီး ဒုက္ခသည်စခန်း ပြင်ပတွင် ရောက်ရှိနေသော စစ်ဘေးသင့်ဒုက္ခသည်အရေအတွက်မှာ ၁၄၈၈၆၀ ဦးဖြစ်ကြောင်း၊ အဆိုပါ ဒုက္ခသည်များသည် အစိုးရ၏ ကူညီထောက်ပံ့မှုနှင့် နိုင်ငံတကာအဖွဲ့များ၏ ကူညီထောက်ပံ့မှု ရရှိခြင်းမရှိဟု သိရှိရသည်။
"စစ်ဘေးရှောင်စခန်းတွေက နေရာ မလုံလောက်တော့တဲ့အခါ စစ်ဘေးရှောင်စခန်းတွေလည်း အသစ်ဆောက်ခွင့်မရှိတဲ့အခါမှာ ဒီနီးစပ်ရာ ရွာတွေမှာ ဖြစ်သလို ခိုလှုံရသူတွေရှိတယ်။ ရပ်ကွက်တွေမှာ ခိုလှုံရသူတွေရှိတယ်။ နောက်ပြီးတော့ တချို့ဆိုရင် ဒုက္ခအကျပ်အတည်းတွေ အများကြီး။ တိုက်ပွဲတွေအများကြီးကြားထဲကပဲ ရပ်ရွာမှာ နေရတဲ့သူတွေလည်းရှိတယ်ပေါ့။ အဲဒီလိုမျိုးရှိတဲ့အခါကျတော့ ဒီလူတွေနဲ့ပတ်သက်ပြီး အစိုးရ ပံ့ပိုးကူညီမှုက မရှိဘူး။ နိုင်ငံတကာဘက်ကလည်း ပံ့ပိုးကူညီမှု အရမ်းနည်းတယ်။ သူတို့က ဒေသခံအဖွဲ့အစည်းတွေ Community Based Organization တွေ ကူညီထောက်ပံ့တာနဲ့ ဖြစ်သလို စားသောက်ပြီးတော့ နေရတယ်ပေါ့" ဟု ဦးဇော်ဇော်ထွန်းက ဆက်လက်ပြောဆိုသည်။
မြို့ပြဒေသများနှင့် ဝေးကွားသော စခန်းပြင်ပ ဒုက္ခသည်များ၏ အခြေအနေမှာ အလွန်ဆိုးဝါးနေကြောင်း သိရှိရသည်။
" မြို့ပြနဲ့ အလှမ်းဝေးပြီးတော့ အသွားအလာကျပ်တည်းတဲ့သူတွေဆိုရင် ပိုပြီးတော့ အကျပ်အတည်းဖြစ်ပါတယ်။ တချို့ ဝေးကွာတဲ့နေရာမှာတွေ ရှိတဲ့ စစ်ရှောင်နေရတဲ့သူတွေဆိုရင် အနီးအနားကျေးရွာမှာ ဖြစ်သလို နေရတဲ့အခါကျတော့ ကျွေးမွေးထောက်ပံ့မှုတွေက အရမ်းကို အခက်အခဲရှိတယ်။ သူတို့အနေနဲ့ ဆိုးဆိုးဝါးဝါးကြုံနေရတဲ့သူတွေရှိတယ်" ဟု ၎င်းက ရှင်းပြသည်။
ကျန်းမာရေးပိုင်းဆိုင်ရာတွင်လည်း စခန်းပြင်ပ ဒုက္ခသည်များ၏ အခြေအနေမှာ ဆိုးဝါးစွာ ကြုံတွေ့နေရဟု သိရှိရသည်။
" နောက်ပြီးတော့မှ ဒီကာလမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ့ရှိရတယ်ပေါ့။ ဆိုတော့ ကျန်းမာရေး ပြဿနာက ဘယ်လိုလဲဆိုတော့ ဒီလူတွေမှာက နဂိုကတည်းက ရာသီဥတုအပြောင်းအလဲ ကြောင့် ဖျားနာတာလည်းရှိတဲ့အပြင် အခြားရောဂါအခံရှိသူတွေလည်းပါတယ်။ အခုလို ကိုဗစ်ကာလမှာ ဟိုကိုပြေး ဒီကိုပြေးနေရတဲ့အခါကျတော့ ကူးစက်နိုင်ခြေက အရမ်းကိုများတယ်။ ကိုဗစ်မဟုတ်ဘဲနဲ့ အခြားရောဂါတွေကို ကုသဖို့ကလည်း အခက်အခဲရှိတာပေါ့။ ဆိုတော့ စားရေးသောက်ရေး ကျန်းမာရေးပိုင်းဆိုင်ရာတွေမှာ စခန်း ပြင်ပ ရောက်တဲ့သူတွေရော၊ စခန်းထဲမှာ တချို့ ထောက်ပံ့မှုမရတဲ့သူတွေရော သူတို့မှာတော့ ဆိုးတဲ့အခြေအနေ ရောက်နေပြီ" ဟု ဦးဇော်ဇော်ထွန်းက ဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်နယ်၊ စစ်ဘေးဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အရေအတွက် ၇၇၉၄၄ ဦးရှိနေပြီး ၇၀ ရာခိုင်နှုန်းမှာ အစိုးရ၏ အထောက်အပံ့ရရှိနေပြီး ၃၀ ရာခိုင်နှုန်းမှာမူ အထောက်အပံ့မရရှိသေးကြောင်း သိရှိရသည်။
https://web.facebook.com/khitthitnews/posts/1027308934373119?__cft__[0]=AZUv9AAsE1R0Zy2uxSVFNx9leb7AdSMbG4nQ7dJ6QTlO5XpsfAXcYA1jRrV_-k7sNbDukavIgSb8aWnP3AuWHyXkfz2Rw3HPc21ZZPLIFhOZyxYOUJASmh3Sf8IKCj2FkXxJxDMZZOgBNrnl9IDqAKxryvG7gavrH0DjdtcvTkA_9Prfa7PyQW9VHr6OTO2fARk&__tn__=%2CO%2CP-R
No comments:
Post a Comment