Friday, October 2, 2020

ကျောက်တော်မြို့နယ်မှ သက်ကြီးပိုင်းရွာသား ၃ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

 ကျောက်တော်မြို့နယ်မှ သက်ကြီးပိုင်းရွာသား ၃ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

ဆောင်းဇာခြည်

နိရဉ္စရာ၊ အောက်တိုဘာ ၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ သက်ကြီးပိုင်း ရွာသား ၃ ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

အဆိုပါ ရွာသား ၃ ဦးမှာ ဦးမောင်အေးချမ်း (၆၁) နှစ်၊ ဦးမောင်လှဖေ (၆၃) နှစ်၊ ဦးမောင်ကျော်သာ (၅၈) နှစ်တို့ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြထွန်းက ပြောသည်။

ဦးမြထွန်းက “အခုထိ လွတ်လာတာ မရှိသေးဘူး။ သူတို့ကို ရွာထဲက ခေါ်သွားတာပါ။ လမ်းမှာ တွေ့တဲ့ သူကို ခေါ်ထားတော့တာပဲ။ ကျွန်တော်တို့လည်း အဲဒီလို သူတို့နဲ့ တွေ့မှာစိုးလို့ ရှောင်နေတာပါ။ သူတို့က ရွာကို ဝင်လာတော့ သူတို့ တွေ့တဲ့ သူကိုခေါ်သွားတာပေါ့။ သူတို့ကို ရွာနားက ၃၇၅၊ ၃၇၄ တပ်ရင်းတွေထဲကို ခေါ်သွားတာပါ။ အဲဒီ သူတို့နေတဲ့ တပ်ထဲကို ခေါ်သွားတာတော့ သေချာပါတယ်။” ဟု နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့ နေ့လယ် ၃ နာရီခန့်က အင်အား ၅ဝ ကျော်ပါသော တပ်မတော်သားများက ကျေးရွာထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ သာစည်ကျေးရွာ၏ တောင်ဘက် ၆  မိုင်ခန့်အကွာ၌ ရှိသော အဆိုပါ တပ်မတော်သားများ နေထိုင်သည့် တပ်ရင်း (၃၇၅) ဘက်သို့ ယင်း ရွာသား ၃ ဦးအား ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးခံထားရသူ ၃ ဦးအား ယနေ့ နံနက် ၈ နာရီခန့်က ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များနှင့် ကျေးရွာမှ ကျောင်းထိုင်ဘုန်းကြီးနှင့်အတူ ယင်းတပ်မတော်သားများထံမှ ပြန်လွှတ်ပေးရန် သွားရောက်တောင်းဆိုလျက် ရှိကြကြောင်း ဦးမြထွန်းက ပြောသည်။

“သူတို့က အသက်ကြီးပိုင်းတွေပါ။ လက်နက်လည်း မကိုင်နိုင်၊ တော်လှန်ရေးလည်း မလုပ်နိုင်တဲ့ သက်ကြီးတွေပါ။ နိုင်ငံရေးလည်း မလုပ်နိုင်တဲ့ လူတွေပေါ့။ အဲဒီထဲမှာ ဦးမောင်ကျော်သာက စိတ်တောင် သိပ်ရတာ မဟုတ်ပါဘူး။ သူက တစ် ကဘာလဲ၊ နှစ် ကဘာလဲတောင် သိတာမဟုတ်ဘူး။ သူတို့ ရွာထဲကို ဝင်လာတယ်ဆိုရင် လမ်းကြားတွေမှာ ထိုင်နေတဲ့သူတွေလည်း အကုန် မြေမှာ ဝပ်နေပေးရတယ်။ သူတို့ကို မော်မကြည့်ရဲကြဘူး။” ဟု ဦးမြထွန်းက ဆက်ပြောသည်။

သာစည်ကျေးရွာတွင် အိမ်ခြေ ၄၃ဝ ကျော်ရှိပြီး လူဦးရေ ၂၇ဝဝ ကျော်ရှိကြောင်း၊ ယင်းထဲမှာ လူဦးရေ ၅ဝ ခန့်သာ ကျေးရွာအတွင်း ကျန်ရှိတော့ပြီး နောက်ထပ်ကျေးရွာသားများမှာ ထိုကဲ့သို့ တပ်မတော်သားများ မကြာခဏ ကျေးရွာအတွင်းဝင်ရောက်မှုများရှိ၍ ကြောက်လန့်ကာ အနီးအနား ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြကြောင်း ကျေးရွာအုပ်ချုပ်းရေးမှူးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ၎င်းမှာ ယမန်နေ့က ခရီးလွန်နေခဲ့၍ ထိုကိစ္စအား မသိသေးကြောင်း ပြောသည်။ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်သို့ ဆက်သွယ်ရာ သူ့ထံသို့ သတင်းမရောက်သေးသဖြင့် မသိရှိသေးကြောင်း ပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

အလားတူ စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာမှ အသက် ၄ဝ ကျော် အရွယ်များဖြစ်ကြသည့် ဦးဝင်းဌေးနှင့် ဦးကျော်မောင်တို့ နှစ်ဦးကို အောက်တိုဘာ ၁ ရက်  မွန်းလွဲ ၁ နာရီကျော်အချိန်က တပ်မတော် စစ်ကြောင်း တစ်ခုမှ ရွာထဲကနေ ခေါ်ယူသွားခဲ့ပြီး ပြန်မလွှတ်သေးသဖြင့် မိသားစုများ စိုးရိမ်နေကြသည်ဟု သိရသည်။

စက်တင်ဘာ ၂၇ ရက်နေ့ကလည်း မြောက်ဦး မြို့သစ်ရပ်ကွက်မှ သုံးဘီးဒရိုင်ဘာ ဦးအေးကျော် (ဘ) ဦးသာလှအောင် (၃၈) နှစ်သည် မြောက်ဦးမြို့ အခြေစိုက် ခမရ (၃၇၇) တပ်ရင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တစ်ရက်အကြာ စက်တင်ဘာ ၂၈ ရက်နေ့တွင် သူ့အလောင်းကို စစ်တပ်မှ ဆေးရုံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ထိုသို့ ဖမ်းဆီးစဉ် သေဆုံးမှုများကြောင့် ပြည်သူများအကြား စစ်တပ်ထံ ဖမ်းဆီးခံရမည်ကို အထူးစိုးရိမ်ထိတ်လန့်လျက်ရှိနေကြသည်ဟု သိရသည်။

----------------------------

Unicode -



နိရဉ်စရာ၊ အောကျတိုဘာ ၃/၂ဝ၂ဝ













https://burmese.narinjara.com/.../5f77f54c52e60167cbc949b7


https://www.facebook.com/narinjara.info/posts/3661604243851626

No comments:

Post a Comment