စွပ်စွဲခြိမ်းခြောက်ခံရ၍ မြောက်ဦးမြို့မှရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ထွက်ပြေးတိမ်းရှောင်နေရဟုဆို
ထွန်းခိုင်(တောင်ရင်းကျွန်း)
နိရဉ္စရာ၊ အောက်တိုဘာ ၂/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ရက္ခိုင့်တပ်တော် (AA) အား ရိက္ခာ ထောက်ပံ့သည်ဟု တပ်မတော်အရာရှိတစ်ဦးက ဖုန်းထဲက ခြိမ်းခြောက်စွပ်စွဲသဖြင့် သူ့လုံခြုံရေးကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သတင်းရရှိသည်။
၎င်းအုပ်ချုပ်ရေးမှူးမှာ မြောက်ဦးမြို့ အောင်တပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမောင်ရွှေဖြစ်သည်။
အုပ်ချုပ်ရေးမှူး ဦးလှမောင်ရွှေက “ရပ်ကွက်က ပိုက်ဆံတွေ ကောက်ပေးတယ်။ AA ကို ရိက္ခာ ထောက်ပံ့ပေးတယ်ဆိုပြီး အမှတ် ၃၇၇ တပ်ရင်းက တပ်ရေး ဗိုလ်ကြီးတစ်ဦးက စွပ်စွဲတယ်။ နောက်ပြီး ကျနော့်ကို တပ်ကိုခေါ်တယ်။ ကျနော်လည်း မသွားရဲလို့ အခုတိမ်းရှောင်နေရတယ်။ ကျနော့်အနေနဲ့ ဒီလိုမျိုး ကောက်ပေးတာတွေမရှိဘူးဆိုပြီးတော့ ငြင်းတယ်။ ဒါပေမယ့် သူတို့က ကျနော်ကောက်ပေးတယ်ဆိုပြီး အတင်းစွပ်စွဲတယ်။ အချက်အလက်တွေ စုလို့ရရင် ခင်ဗျား မလွယ်တော့ဘူးဆိုပြီး ခြိမ်းခြောက်သွားတယ်” ဟုပြောသည်။
ထိုခြိမ်းခြောက်မှုကို စက်တင်ဘာလ ၂၈ ရက်နေ့က ဖုန်းခေါ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းနောက်ပိုင်းမှစ၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြောသည်။
“ မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြထားပါတယ်။ သူကလည်း ဘာမှ ပြန်ပြောတာမရှိဘူး။ အဲဒီ တပ်ရေးဗိုလ်ကြီး ပြောတာက အောင်မင်္ဂလာက လူတွေကို သူ့ကို ပြောတယ်လို့ ပြောတယ်။ သူတို့ တပ်တွေ လာရင်လည်း ကျနော်က ကူညီ နေကျပါ။ အခုစွပ်စွဲတော့ ကျနော့်လုံခြုံရေး အရမ်းစိုးရိမ်ရပါတယ်။ သက်ဆိုင်ရာကိုလည်း ပြောချင်ပါတယ်။ သေချာစိစစ်စေလိုပါတယ်။ လူတွေ ပြောစကားနဲ့ မစွပ်စွဲစေလိုပါဘူး” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် အဆက်သွယ်မရရှိခဲ့ပါ။
အမှတ် ၃၇၇ တပ်ရင်းသို့ ဆက်သွယ် မေးမြန်းရန်မှာလည်း မလွယ်ကူသဖြင့် ခြိမ်းခြောက်စွပ်စွဲခြင်းနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
-------------------------------------
Unicode -
နိရဉ်စရာ၊ အောကျတိုဘာ ၂/၂ဝ၂ဝ
https://burmese.narinjara.com/.../5f76939952e60167cbc949a9
https://www.facebook.com/narinjara.info/posts/3658250757520308
No comments:
Post a Comment