Thursday, October 1, 2020

မင်းပြားဘက်မှာ AA နဲ့ တပ်မတော်ကြား တိုက်ပွဲပြင်းထန်ဆဲ

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီး မနေ့တုန်းကလည်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသခံရွာသားတဦးကပြောပါတယ်။

“ပထမအစ တိုင်းဗဟို ၉ ကဖြစ်တာ။ အဲဒီတိုင်းဗဟို ၉ ကို ရခိုင်တပ်ကသွားဆော်တာ။ အဲဒီဟာမှာ မေလွမ်းဖက်ကို ဆင်းပြေးတာ အဲဒီ ကားလမ်းဘေးမြေနီချောင်း အဲဒီချောင်းဖျားပေါ့။ အဲဒီမှာပစ်ကြတာ။ ရခိုင်လက်နက်ကိုင် AA ဘက် ကတော့ ဝိုင်းပြီးတော့ပိတ်ဆို့ထားတယ်။ အဲဒီမှာပစ်ကြခတ်ကြတာ။”မင်းပြားမြို့နယ် တပ်မတော်လေ့ကျင့်ရေးကျောင်း တိုင်းဗဟို ၉ အနီး တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မင်းပြား ကမ်းနီမှာရှိတဲ့ တပ်မတော်သင်တန်းကျောင်း တခုပေါ့။ အဲဒီရဲ့အနောက်ဘက်မှာ တပ်ကလုံခြုံရေးဆောင်ရွက်နေတဲ့နေရာ ရှိတယ်။ လုံခြံုရေးဆောင်ရွက်နေတာကို AAကလာပစ်ခတ်တာရှိပါတယ်။ အဲဒီနေရာတနေရာမှာတင် နှစ်ကြိမ်ထိတွေ့မှု ဖြစ်တယ်ပေါ့။ အဲဒီမှာ ကျနော်တို့ ထိခိုက်ကျဆုံးမှု မရှိပါဘူး။

မနေ့ညနေပိုင်းမှာပဲ မင်းပြားမြို့နယ် ဖားပြိုရွာအနီးမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်း ထန်ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံရွာသား ကိုအောင်ထွန်းကပြောပါတယ်။

“တိုက်ပွဲဖြစ်စဉ်က ဖားပြိုရွာအနားက သချိုင်းတောင်မှာ စစ်တပ်က ထိုင်လေ့ရှိတယ်။ အဲဒီမှာ။ အဲဒီကိုလာပြီးပစ်တာ AA က။ တော်တော်ပြင်းထန်တယ်တိုက်ပွဲက။ မြန်မာဘက်က နည်းနည်းအထိခိုက်များတယ်လို့ ပြောတယ်။ ၆ နာရီကျော်ကျော်လောက်မှာ ပြီးသွားတယ်။

မြန်မာစစ်တပ်ရဲ့ တပ်စခန်းကို AA အဖွဲ့ကနေ မနေ့ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်တာလို့လည်း ဒေသခံတွေကပြောပါတယ်။

တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဖားပြိုရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးကြောင်းအတည်ပြုပြောပါတယ်။“အဲဒီမင်းပြားရဲ့ ရာမောင်တံတားရဲ့အရှေ့ဘက်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတခုကို AA က နှစ်နေရာက လာပြီးတော့ ခွဲပြီးပစ်ခတ်တာ ရှိတယ်။ မနေ့က ၅ နာရီလောက်မှာ ပစ်ခတ်တာဖြစ်တယ်။ အဲဒီမှာလည်း ကျနော်တို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။”

တိုက်ပွဲဖြစ်ပွါးရာအနီးက ဖားပြိုရွာသားတွေကတော့ ဒီနှစ်ဆန်းပိုင်းကတည်းက သေကန်စစ်ရှောင်စခန်းမှာ တိမ်းရှောင်နေရပါတယ်။

မနေ့ကမင်းပြားမြို့နယ်အတွင်း နှစ်နေရာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရ ခိုင်သုခ ကအတည်ပြုပြောပါတယ်။

တပ်မတော်က တဘက်သတ် အပစ်ရပ်ကြေညာချက်ကို ဒီလကုန်အထိ ၁ လသက်တမ်း ထပ်တိုးလိုက်ကြောင်း ကြေညာခဲ့ပေမဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ် မပါဝင်တာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

ရခိုင်ပြည်နယ်မှာ COVID-19 ရောဂါကူးစက်မှု များပြားနေတဲ့အပြင် ဒေသအတွင်းစစ်ရေးပဋိပက္ခကလည်း ကြီးထွားလာနေပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးတင်းမာနေတာ ၂ နှစ်နီးပါးကာလအတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ဦးရေ ၂၂၀,၀၀၀ ကျော်ရှိလာနေပြီလို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ စာရင်းထုတ်ပြန်ထားပါတယ်။

https://burmese.voanews.com/a/rakhine-conflict/5606291.html

No comments:

Post a Comment