"ရခိုင်စစ်ပွဲဆန့်ကျင်ရေး၊ သွေးစွန်းအစိုးရနှင့်ဖက်ဆစ် စစ်တပ်အလိုမရှိ" ဆန္ဒပြဗကသ ကျောင်းသား ၂ ဦးကို ပုဒ်မ ၅၀၅ (က) (ခ)ဖြင့် ထောင် ၂ နှစ်ချ
ရန်ကုန်၊ အောက်တိုဘာ ၂
မန္တလေးမြို့တွင် ရခိုင်စစ်ပွဲဆန့်ကျင်ရေး၊ သွေးစွန်းအစိုးရနှင့် ဖက်ဆစ်စစ်တပ် အလိုမရှိဟု ဆန္ဒပြခဲ့ကြသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)မှ ကျောင်းသား ၂ ဦးကို မဟာအောင်မြေမြို့နယ်တရားရုံးက နိုင်ငံအကြည်ညိုပျက်စေမှုဖြင့် ယနေ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရှိရသည်။
ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့မှ ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော် နှင့် သက်မွေးပညာရပ်ဆိုင်ရာ အတွင်းရေးမှူး ကိုစိုးလှနိုင်တို့ကို စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် မဟာအောင်မြေမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (က) ၊ (ခ) တို့ဖြင့် ယနေ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဗကသ ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုသည်။
" အမိန့်ချမယ့် ရက်ကိုလည်း ကြိုမပြောဘဲ ခိုးကြောင်ခိုးဝှက်ချသွားတာပါ။ ဒီနေ့က နှင်းဆီပါတီဥက္ကဋ္ဌ ရုံးထုတ်တဲ့အချိန် မီဒီယာတွေက အဲဒါကို အာရုံစိုက်နေချိန်မှာ မဟာအောင်မြေတရားရုံးမှာ ဘယ်သူမှ မသိလိုက်ဘဲ အမိန့်ချလိုက်တယ်။ ၂ နှစ်ပေါ့။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) ပေါ့။ အမရပူရမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်မှာလည်း သူတို့ ၂ ဦးကိုပဲ ပုဒ်မ ၅၀၅ (က) (ခ) ရယ် တရားစွဲထားတာရှိပါတယ်။ သူတို့ ၂ ဦးအပါအဝင် ကျန်တဲ့ရဲဘော် ၁၃ ဦးကို ချမ်းအေးသာဇံမြို့နယ်တရားရုံးမှာ ပုဒ်မ ၁၉ နဲ့ သဘာဝဘေးအန္တရာယ်ဥပဒေ ပုဒ်မ ၂၅ နဲ့လည်း စွဲထားပါသေးတယ်" ဟု ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုသည်။
လတ်တလော အာဏာပိုင်များ၏ တရားစွဲဆိုထားသော အမှုအများဆုံးရင်ဆိုင်နေရသော ကျောင်းသား ၃ဦးမှာ ကိုစိုးလှနိုင် (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့)၊ ကိုကျော်သီဟရဲကျော် (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့) နှင့် ကိုရဲရင့်အောင် (ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)တို့ဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) (ခ)၊ ငြိမ်း စု စီ ပုဒ်မ (၁၉)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅တို့ဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
အလားတူ စစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့သည့် ဗကသကျောင်းသားများအနက်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) (ခ)ဖြင့် ကိုသန်းတိုးအောင် (မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုဆန်းလင်းကို (မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုလင်းသူရကို (မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ)တို့ကိုလည်းကောင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ကိုအောင်သူဟိန်း (မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုထက်အောင် (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့)၊ ကိုကျော်ရဲသူ (ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)တို့ကိုလည်းကောင်း အမှုဖွင့်ထားကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရှိရသည်။
ထို့ပြင် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် ကိုမျိုးချစ်ဇော် (ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂ)၊ ကိုညီညီ မင်းထက်ဝေ (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့)၊ ကိုသက်မောင်မောင် (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုအောင်ခိုင်မင်း (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုလှထွန်းအောင် (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)တို့ကိုလည်းကောင်း၊ စစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့သော ကိုသုတညီညီ (မန္တလေးသမဝါယမကောလိပ်ကျောင်းသားများ သမဂ္ဂ) ကိုလည်း ငြိမ်း၊ စု၊ စီ ပုဒ်မု၁၉ ဖြင့်လည်းကောင်း အရေးယူထားကြောင်း ဗကသများ အဖွဲ့ချုပ် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
https://web.facebook.com/khitthitnews/posts/1026811687756177?__cft__[0]=AZUFOF8ZiJASs_xAtuAiFwaZrxd5F9Td3cvGpMuFLGjF_UmHOE7DotBz6JYFEWIZ-K8r1yzjF2wUkoi78HDu4Ag_1bn7DkpFod1-ORBbo7ZmaWvyN4b2TRGOb1vy4LUUOm28_xhyBPqXkKW-dk8C2G_wY0P57CXeX_7Qw5wSdKjsswL05QvndYCWIQXrr0dGiD0&__tn__=%2CO%2CP-R
No comments:
Post a Comment