Friday, October 2, 2020

လုံခြုံရေးကြောင့် တအာင်းပါတီအနေနဲ့ မိုင်းကိုင်မြို့နယ်ထဲက ကျေးရွာအများစုမှာ မဲဆွယ်စည်းရုံးရေး မဆင်းနိုင်တော့

  လုံခြုံရေးကြောင့် တအာင်းပါတီအနေနဲ့ မိုင်းကိုင်မြို့နယ်ထဲက ကျေးရွာအများစုမှာ မဲဆွယ်စည်းရုံးရေး မဆင်းနိုင်တော့

လွေးပိုးဆငယ်၊ ရွှေဖီမြေ

အောက်တိုဘာ ၃ ရက်၊ မိုင်းကိုင်

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်မှာ တအာင်းအမျိုးသားပါတီ(TNP)အနေနဲ့ လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအများစုမှာ မဲဆွယ်စည်းရုံးရေးဆင်းနိုင်တော့မှာ မဟုတ်ကြောင်း ပါတီမှတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်က မိုင်းကိုင်မြို့နယ် လုံစံကျေးရွာမှာ TNP ကို မဲဆွယ်စည်းရုံးခွင့် မပြုလုပ်ဖို့အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ တပ်သား ၂ ဦးက ကျေးရွာသူကြီးထံ လာရောက်ပြောဆိုထားတာ ရှိတယ်လို့လည်း သိရပါတယ်။

မြို့နယ် TNP ပါတီဝင်တစ်ဦးက “တရားမျှတမှု မရှိဘူး။ တိုင်းရင်းသား တန်းတူအခွင့်အရေးဆိုတာ ရှိသင့်ရှိထိုက်တယ်လေ။ အခုလိုမျိုး ဖိနှိပ်တာကတော့ လုံးဝတရားမျှတမှု မရှိဘူး။ ကျွန်တော်တို့ကတော့ တစ်နေရာမဟုတ်ရင်တစ်နေရာ နိုင်,နိုင်ခြေရှိတယ်။ အခုတော့ ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်နေတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

တအာင်းပါတီအနေနဲ့ မိုင်းကိုင်မြို့နယ် လုံစံကျေးရွာဘက်ကို ကွင်းဆင်းတာတွေ မလုပ်ဆောင်ဖို့ ကျေးရွာတာဝန်ရှိသူက စက်တင်ဘာ ၂၈ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

စက်တင်ဘာလ ၂၇ ရက်မှာတော့ လုံစံကျေးရွာမှာ တစ်ခြားသော တိုင်းရင်းသားပါတီက မဲဆွယ်စည်းရုံးတာတွေ ပြုလုပ်ခဲ့တယ်လို့ ၎င်းမြို့နယ် TNP ပါတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

အမည်မဖော်လိုတဲ့ မိုင်းကိုင်မြို့နယ် မဲဆန္ဒရှင်တစ်ဦးက “တစ်ချို့ ကျေးရွာတွေမှာဆိုရင် ခြိမ်းခြောက်ထားတာတွေလည်း ရှိတယ်။ ဒီကိစ္စကို နားမလည်တဲ့သူတွေကတော့ ဒီဟာ(ပါတီ မဲဆွယ်စည်းရုံးရေး)ကို စိတ်မဝင်စားဘူး” လို့ ဆိုပါတယ်။

လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကလည်း “မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဟိုမသွားရ ဒီမသွားရဘူးဆိုပြီး တားမြစ်နေကြတယ်။ ကျွန်တော်တို့ဘက်တော့ ညှိနှိုင်ဆွေးနွေးပေးတာတွေ ရှိတယ်ပေါ့။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ ခေါ်တွေ့လို့ မရဘူး။ ဖြေရှင်းလို့လဲ မရဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာတော့ တင်ပြထားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က မိုင်းကိုင်မြို့တွင်းရှိ မြွေတော်ဘုရားရှေ့၊ ဟမ်ငိုင်းလမ်းခွဲ၊ ပန်အုတုကျေးရွာနဲ့ စက်တင်ဘာလ ၁၉ ရက် ညပိုင်းက တုံလောကျေးရွာအုပ်စုထဲက TNP ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရဖူးပါတယ်။

မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုထဲက မောက်လျန်၊ လွယ်ရွဲနဲ့ ကုန်းပေါင်းကျေးရွာတွေမှာ ပါတီတွေကို မဲဆွယ်စည်းရုံးခွင့်ပြုရင် တစ်ရွာလျှင် ဒဏ်ငွေ(၁ဝ)သိန်း ပေးဆောင်ရမှာဖြစ်ကြောင်း RCSS တပ်ဖွဲ့ဘက်က ပြောဆိုထားတယ်လို့ ကျေးရွာအုပ်စုစာရေးဖြစ်သူ စိုင်းလိန်က ကျေးရွာသူကြီးတွေဆီ လက်ရေးမူစာ ပေးပို့တာတွေလည်း ရှိခဲ့ပါတယ်။

#မဲဆွယ်စည်းရုံးရေး #ကျေးရွာ #TNP #RCSS #မိုင်းကိုင်

#ဓာတ်ပုံ- လွေးပိုးဆငယ်၊ ရွှေဖီမြေ

https://www.facebook.com/451214215694715/posts/802440257238774/


https://www.facebook.com/shwepheemyaynews/posts/802440257238774

No comments:

Post a Comment