Friday, October 2, 2020

ရသေ့တောင်မြို့နယ် ကျောက်တန်းအနီးတိုက်ပွဲပြင်းထန်၊ ရဟတ်ယာဉ်နှစ်စီးဖြင့်ပါဝင်တိုက်ခိုက်

 ရသေ့တောင်မြို့နယ် ကျောက်တန်းအနီးတိုက်ပွဲပြင်းထန်၊ ရဟတ်ယာဉ်နှစ်စီးဖြင့်ပါဝင်တိုက်ခိုက်

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ အောက်တိုဘာ ၃ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ် အောင်သာစည် ကျေးရွာအနီးတွင် ယနေ့နံနက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံမျက်မြင်များက ပြောသည်။

ယနေ့နံနက်မှစ၍ အောင်သာစည်ကျေးရွာအနီးရှိ တောင်တန်းများကို ရသေ့တောင်အခြေစိုက် တပ်ရင်းများအပါအဝင် ရေစိုးချောင်းဗျူဟာ၊ ထီးစွဲ၊ ဆောက်ခတ်စသည့် ကျေးရွာများဘက်မှ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၉ နာရီကျော်တွင် စတင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ မနက် ၉ နာရီ လောက်ကတည်းဖြစ်တာ၊ နေ့ခင်းကြောင်တောင် ဖြစ်တာပေါ့။ အရင်က သုံးကြိမ်လေးကြိမ် အဲဒီနေရာမှာ တိုက်ပွဲ ဖြစ်ဖူးတယ်။ အခု ဒီတိုက်ပွဲကတော့ အပြင်းဆုံးလို့ ပြောကြတယ်။ မိုင်းသက်သက် အလုံး သုံးဆယ် လောက်ကွဲတယ်လို့ ကြားရတဲ့ သူတွေက ပြောတယ်။ မိုင်းကွဲတာကတော့ များသောအားဖြင့် စစ်တပ်က ထိုးစစ်တက်လာတဲ့အခါ ကွဲတဲ့ သဘောဘဲ။ လက်နက်ကြီးကတော့ တပ်ဘက်က ပစ်တဲ့နေရာကတော့ ထီးစွဲကလည်း ပစ်တယ်။ ဖြစ်တာက ကျောက်တန်း၊ ထီးစွဲနဲ့ အောင်သာစည် အနီးဝန်းကျင်မှာ ဖြစ်တာကို။ ထီးစွဲက ပစ်တယ်။ ရေစိုးချောင်းဗျူဟာက ပစ်တယ်။ ရသေ့တောင်မြို့ပေါ်ကလည်း ပစ်တယ်။ သမီးလှနဲ့ ဆောက်ခတ်ဘက်ကလည်း ပစ်တယ်။ လေးနေရာလောက်က ပစ်တယ်။ လက်နက်ကြီး အသံတွေကတော့ တအား အသံထွက်တယ်လို့ ပြောတယ်။ လက်နက်ကြီး လက်နက်ငယ် အသံတွေ အရမ်းကျယ်လောင်တယ်လို့ ဒေသခံတွေက ပြောကြတယ်။ ဇက်ရေယာဉ်ကတော့ မေယုမြစ်ထဲမှာ တစ်စီးတော့ရှိတယ်။ အဝေးကြီးမှာ။ အဲဒီကတော့ ဒီနေ့ မပစ်ဘူး” ဟု ပြောဆိုသည်။

တိုက်ပွဲမှာ  ထီးစွဲရွာတွင် အခြေစိုက်ထားသော တပ်မတော် စစ်ကြောင်းမှ AA တပ်ဖွဲ့ဝင်များရှိသည့် အောင်သာစည် ကျေးရွာဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ပစ်ခတ်မှု အနည်းငယ် ရပ်တန့်သွားပြီးနောက်  နေ့လယ် ၁၂ နာရီ ၄၅ မိနစ် လောက်တွင် ရဟတ်ယာဉ် နှစ်စီးဖြင့်  ၁၅ မိနစ်ခန့် ၎င်း နေရာဝိုက်ကို စက်သေနတ်များဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးဖြစ်သူ ဦးစိုးဝင်းက “ တိုက်ပွဲဖြစ်တာ ပြင်းထန်တယ် ။ ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက် တိုက်ခိုက်တယ်။ ဒီရွာဘက်ကို လက်နက်ကြီး ပစ်နေတာ ၃ ရက်လောက်ရှိပြီ။ လက်နက်ကြီးက ရသေ့တောင် ဘက်ကလည်းပစ်တယ်။ ရေစိုးချောင်း ဗျူဟာကလည်း ပစ်တယ်။ နောက်ထီးစွဲရွာဖက်ကလည်း ပစ်တယ်။ အဲဒီလက်နက်ကြီးပစ်ပြီးနောက် အပြင်းအထန် တိုက်ပွဲ ဖြစ်ကြတယ်” ဟုပြောသည်။

ယနေ့နံနက် ၁ဝ နာရီကျော်မှ စခဲ့သော တိုက်ပွဲမှာ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် နေ့လယ် ၁ နာရီ ဝန်းကျင်တွင် အသံတိတ်သွားသော်လည်း ညနေ ၄ နာရီထိ ကြိုးကြား ကြိုးကြားပစ်ခတ်နေမှုကို ကြားနေရသည်ဟု ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့များအတွင်း အထိအခိုက်ရှိ မရှိကို အရပ်သားများအနေဖြင့် မသိနိုင်ဟု ပြောသည်။ အရပ်သားများမှာ ၎င်းပတ်ဝန်းကျင် ကျေးရွာများတွင် မရှိတော့သဖြင့် အရပ်သားထိခိုက်မှု မရှိဟု သိရသည်။

ရသေ့တောင်မှ လူမှုရေးလုပ်နေသူတစ်ဦးဖြစ်သူ ကိုကျော်မင်းခိုင်က တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက်ပြီး  ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။

“ ပထမ မနက်ပိုင်းမှာတော့ အမြောက်ကြီးတွေနဲ့ တပ်ဘက်က တစ်ဖက်တည်းကပစ်နေတာ။ မနက် ၁ဝ နာရီလောက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကို တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ ၁၅ မိနစ်ခန့်လာရောက်ပစ်ခတ်ခဲ့တယ်။ ရဟတ်ယဉ်ပျံသွားတဲ့နောက်မှာလည်း ပစ်ခတ်သံတွေက ကြားနေ သေးတယ် ” ဟုပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ တပ်ဘက်က အတည်ပြုချက်ကို ရယူလို၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းနယ်မြေတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး လူထု ထိခိုက်သေဆုံးမှုများလည်း ရှိသဖြင့် ကျေးရွာပေါင်း ၂ဝ ကျော်မှ ရွာသားပေါင်း သောင်းနှင့်ချီပြီး ရသေ့တောင်မြို့ပေါ် အပါအဝင် လုံခြုံသည့် တစ်ခြား ကျေးရွာများတွင် ခိုလှုံနေကြသည်ဟု သိရသည်။

-------------------------------------

Unicode -



နိရဉ်စရာ၊ အောကျတိုဘာ ၃ / ၂ဝ၂ဝ













https://burmese.narinjara.com/.../5f784f6f52e60167cbc949b...


https://www.facebook.com/narinjara.info/posts/3662347270443990

No comments:

Post a Comment