Saturday, October 31, 2020

တပ်မတော် အပစ်ရပ်ကြေညာမှု ယုံကြည်စရာ မရှိဟုဆို၊ ရခိုင်တွင် အကြမ်း ဖက် အဖွဲ့ ကြေညာထားမှု ငြိမ်းချမ်းရေးအတွက် အဟန့်အတား

 တပ်မတော် အပစ်ရပ်ကြေညာမှု ယုံကြည်စရာ မရှိဟုဆို၊ ရခိုင်တွင် အကြမ်း ဖက် အဖွဲ့ ကြေညာထားမှု ငြိမ်းချမ်းရေးအတွက် အဟန့်အတား

By ရန်ကုန်ခေတ်သစ်
တပ်မတော်က ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များ အရှိန်မြှင့်နိုင်ရေး၊ ထာ၀ရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတွင်လည်း ကောင်း နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားအတွက် တစ်တပ် တစ် အား ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်အုပ်စုအဖြစ် သတ် မှတ်ကြေ ညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ် မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။
တပ်မတော်၏ နိုဝင်ဘာလ ၁ လ အပစ်အခတ်ရပ်စဲရေး ကြေညာချက်သည် ထူးမခြားနား ကြေညာချက်သာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် မည်သည့် အထောက် အကူမှ မပြုကြောင်း၊ ယုံကြည်စရာမရှိသည့် ကြေညာချက်ဖြစ်ကြောင်း နိုင်ငံ ရေး လေ့လာ သုံးသပ်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စာရေးဆရာသန်းစိုးနိုင်
နိုင်ငံရေးလေ့လာသုံးသပ်သူ
ယေဘုယျအားဖြင့်အပစ်အခတ်ရပ်စဲရေး ကြေညာတာနဲ့ပတ်သက်လို့ တပ်မ တော် ရော၊ တိုင်းရင်း သားလက်နက်ကိုင်ဘက်တွေကရော ကြေညာတာကို ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမယ့် အဲဒီနှစ်ဖက်လုံးက မလိုက်နာဘူး။ အဲဒီနှစ်ဖက်လုံးက ။ အထူးသဖြင့်တော့ ရခိုင်က AA ကလည်း NLD အမတ်တွေကို ခြိမ်းခြောက်တာ၊ ဖမ်းခေါ်တာတွေ၊ လုပ်တာတော့ ဒါတွေက ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်သလိုဖြစ်တာပေါ့။
နောက်ပြီးတော့ ရခိုင်ဒေသမှာ NLD ရွေးချယ်မခံရအောင် လုပ်တယ်ဆိုတာကလည်း ရွေးကောက်ပွဲအတွက် မကောင်းတဲ့လက္ခဏာပဲ။ ဒါပေမယ့် နောက်တစ်ဖက်ကလည်း တပ်မတော်ကလည်း အဲဒီလိုသာ ကြေညာထားတာ။ ရခိုင်မှာကျတော့ အကြမ်းဖက်သောင်းကျန်သူ ဆန့်ကျင်​ရေး တန်ပြန်စစ်ဆင်ရေးတွေ တောက်လျှောက် လုပ်နေတာပဲ။ အထူးသဖြင့်တော့ ရသေ့တောင်ဘက်မှာပေါ့။ ကြည်းရေလေပေါ့ဗျာ။ ပြင်းပြင်းထန်ထန်လုပ်နေတာ။ လိုအပ်သလို ပေါင်းစပ်ပြီး စစ်ဆင်ရေးတွေ လုပ်နေတာ။ အကျိုးဆက်ကတော့ ရခိုင်မှာ စစ်ရှောင် နှစ်သိန်းကျော်လောက်ရှိသွားပြီ။ ရွေးကောက်ပွဲမှာ မြို့နယ် ၁၇ မြို့နယ်မှာ ၉ မြို့နယ်မှာ မကျင်းပတော့ UEC နဲ့ပတ်သက်လို့ ပြောစရာတွေ ဖြစ်လာတာပေါ့။
ဆိုလိုတာကတော့ အပစ်အခတ်ရပ်စဲတယ်ဆိုပေမယ့် ကြေညာပေမယ့် ရပ်စဲနိုင်တဲ့ အခြေအနမရှိတဲ့အတွက် ဆက်လက်ပြီးတော့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲရှောင် တွေလည်း တိုးပွားနေတယ်။ သေကြေဒဏ်ရာရတဲ့ သာမန်ပြည်သူတွေလည်း တော်တော်များလာတယ်။ ပြီးခဲ့တဲ့ ၅ ရက်လောက်က ICRC ရေယာဉ်ကို တိုက်ခိုက်တာတွေကလည်း အတော်မကောင်းတဲ့ကိစ္စတွေပဲ။ သို့သော်ငြားလည်း ယေဘုယျအားဖြင့် စစ်ရှိန်လျှော့စေချင်တယ်။ စစ်ရပ်စဲပြီးတော့ ဆွေးနွေးပွဲ စားပွဲပေါ်ရောက်စေချင်တယ်။
နှစ်ဖက်လုံးက လုပ်နေတဲ့ အပြုအမူတွေကြောင့် အဲဒါကလည်း ဖြစ်နိုင်ခြေမရှိဘူး။ အပစ်အခတ်ရပ်စဲရေးပေမယ့် နှစ်ဖက်စလုံးက ချနေကြတာပဲ။ သဘောအဓိပ္ပာယ်က အဲဒါပါပဲ။ ဒါကြောင့်မို့လို့ အဲဒီအပေါ်မှာ ပြည်သူလူထုက ယုံကြည်မှုလည်းမရှိဘူး။ အာရုံစိုက်မှု လည်းမရှိဘူး။ တိုင်းပြည်အတွက် မကောင်းတဲ့ လက္ခဏာတွေပေါ့။
ဦးမြအေး
ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု
အခုဟာအကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာက လွဲလို့ ကျန်တဲ့နေရာတွေကို အပစ်အခတ်ရပ်စဲရေး နောက်တစ်လ ထပ်တိုးတာပေါ့။ အခြေခံသဘောတရားက ​ကောင်းတဲ့အလုပ်ပါ။ မငြင်းပါဘူး။ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး Tension တွေ လျှော့ကျပြီး ဖြစ်စေချင်တယ်ပေါ့ဗျာ။ ဒါအားလုံး သိတဲ့အတိုင်းတိုက်ပွဲတွေလည်း ပြင်းထန်တယ်။ ရခိုင်မှာ ၉ မြို့နယ်ကျော်ကျော် ရွေးကောက်ပွဲ တွေလည်း မလုပ်နိုင်ဘူး။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ထိန်းသိမ်းခံရတာတွေရှိလာတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်စွပ်စွဲမှုတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ သေကြေ ပျက်စီးတာတွေလည်းရှိလာတယ်။ ကျနော်တို့က နိုင်ငံရေးအရ ဖြေရှင်းဖို့ ဖြစ်စေချင်တယ်။ အဲဒီအတွက် အကြမ်းဖက်အဖွဲ့အစည်းကြေညာထားချက်ကတော့ အတားအဆီး ပဲ။ စေ့စပ်ဆွေးနွေးခြင်းကတစ်ဆင့် တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျှော့သွားစေချင်တာပေါ့။ အဲဒီလို အခြေအနေဖြစ်ပေါ်ဖို့ တိုက်ပွဲလျှော့ကျသွားအောင် အပစ်အခတ်ရပ်စဲရေး မရရင်တောင်မှ နားလည်မှု တစ်ခုရအောင် ယူထားသင့်တယ်လို့ မြင်တယ်။ ပြန်ချုပ်ပြောရရင်တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပါပဲ။
စာရေးဆရာမောင်မောင်စိုး
နိုင်ငံရေးလေ့လာသုံးသပ်သူ
၂၀၁၈ ကတည်းက နှစ်ဖက်စလုံး တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး တွေ ကြေညာလာတာ အလုပ်ဖြစ်လှတာ သိပ်မတွေ့ဘူး။ တိုက်ချင်ရင်တော့ တိုက်ကြတာပဲ။ တကယ်တမ်း အလုပ်ဖြစ်ချင်တယ်ဆိုရင် ပါဝင်ပတ်သက်တဲ့သူတွေနဲ့ ဆွေးနွေးမှပဲ အလုပ်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

https://web.facebook.com/khitthitnews/posts/1051547311949281?__cft__[0]=AZUSAg0W8H5QxAGH78SleWvkVXZffvr9qDnrEOVq3Jbk6J_bVp9JgOmm5TWiwQx1rEvTF6YQWcBSIBltXD1lIALjswugPu4hBLjp8Rr2ZwrnMG9hRmua1pEoMHm1qviZpP-gXXdpmxdWpq1E54RGeiYy&__tn__=%2CO%2CP-R

No comments:

Post a Comment