Saturday, October 31, 2020

နိုဝင်ဘာလကုန်အထိ တပ်မတော်ဘက်က တဖက်သတ်အပစ်ရပ်ကြေညာ

 မြန်မာ့တပ်မတော်က နိုဝင်ဘာလကုန်အထိ တဖက်သတ် အပစ်ရပ်ကြောင်း သက်တမ်းတိုးလိုက်တဲ့အပေါ် အခြေခံသဘောတရားအရ ကြိုဆိုပေမယ့် ထာဝရငြိမ်းချမ်းရေး ဖေါ်ဆောင်လိုတယ်ဆိုရင် အနှစ်သာရရှိတဲ့ အပစ်ခတ်ရပ်စဲရေး ဖြစ်ဖို့လိုတယ်လို့ ပြည်ပရောက် တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က သုံးသပ်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အရှိန်မြှင့်လုပ်ဆောင်ဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တို့အတွက် နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ မြန်မာ့တပ်မတော်က တဖက်သတ် အပစ်ခတ် ရပ်စဲထားမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သောကြာ မနေ့တုန်းက ကြေညာခဲ့တာပါ။

ဒါပေမဲ့ ခုလို အပစ်ရပ်ဖို့ ကြေညာတဲ့အထဲမှာတော့ အကြမ်းဖက်အုပ်စုလို့ မြန်မာစစ်တပ်က သတ်မှတ်ထားတဲ့ အဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေတွေ မပါဝင်ဘူးလို့လည်း ဖေါ်ပြထားပါတယ်။

မြန်မာ့တပ်မတော်က အခုလို တဖက်သတ် အပစ်ရပ်ကာလ သက်တမ်းတိုးလိုက်တဲ့အပေါ် ကြိုဆိုပေမယ့် ထိရောက်တဲ့ အပစ်ခတ် ရပ်စဲမှု ဖြစ်လာမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားပဋိပက္ခကို နှစ်ပေါင်းများစွာ လေ့လာနေတဲ့ ဂျာမနီနိုင်ငံမှာ နေထိုင်သူ စိုင်းဝမ်စိုင်းက သုံးသပ်ပါတယ်။ 
" အပစ်ခတ် ရပ်စဲရေးဆိုရင် ဘယ်လို အပစ်အခတ်ရပ်စဲရေးကိုပဲဖြစ်ဖြစ် ကျနော်တို့ ကြိုဆိုရမှာပေါ့နော်။ ဒါပေမဲ့ ဒီအဖွဲ့ ကျက်စားတဲ့နေရာ ဟိုအဖွဲ့ ကျက်စားတဲ့နေရာတော့ မပါဘူးလို့ ပြောနေတော့ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ဆိုတာမျိုး အဓိပ္ပါယ် မဆောင်ဘူး ဖြစ်နေတယ်။ သူတို့ရဲ့ အကျိုးဖက်ကနေ တွက်လို့ရှိရင်တော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နေပြီး ဒီကိုဗစ်ကာလမှာ လက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ထားကြပါ ၊ စစ်ပွဲတွေ ရပ်ထားကြပါလို့ တောင်းဆိုထားတဲ့အခါကျတော့ အဲဒါကို ကျနော်တို့လည်း လုပ်ပါတယ်ဆိုတဲ့ဟာမျိုးဖြစ်အောင် သူက လုပ်ပြတဲ့ပုံစံ ပေါက်တယ်။"

တပ်မတော်ကတော့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကစပြီး အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ထားသလို၊ မတရားအသင်းအဖြစ်လည်း ကြေညာထားတာပါ။

ဒီလို AA တပ်ဖွဲ့က စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကို ချန်လှပ်ထားတဲ့ တပ်မတော်ရဲ့ အပစ်ရပ် ကြေညာချက်ဟာ ဟန်ပြသာ ဖြစ်တယ်လို့ အမေရိကန်ရောက် ရခိုင်လူမှုအဖွဲ့အစည်း ဒုဥက္ကဌ ကိုသိန်းထွန်းဇံက မြင်ပါတယ်။

" သဘောတရားအရတော့ အပစ်အခပ်ရပ်စဲတယ်ဆိုရင် အမြဲကြိုဆိုရမှာ ဖြစ်ပါတယ်။ သို့သော် COVID-19 ထိန်းချုပ်ဖို့ရယ် ပြီးတော့ ရွေးကောက်ပွဲကို တရားမျှတစွာ ဖြစ်ဖို့ရယ်ဆိုတဲ့ .. ဒီ နှစ်ခုကို အကြောင်းပြပြီးတော့ သူတို့ ဒီလိုတွေ လုပ်နေပါတယ်ဆိုပြီး ပြည်သူတွေကိုရော ကမ္ဘာကိုပါ လုပ်ပြတဲ့ သဘောလို့ ထင်ပါတယ်။ "

တပ်မတော်က တဖက်သတ် အပစ်ရပ်စဲထားကြောင်း ကြေညာခဲ့ချိန်အတွင်း စက်တင်ဘာ ၂၃ ကနေ အောက်တိုဘာ ၂၀ ကာလထဲမှာ တပ်မတော်နဲ့ ရှမ်းတောင်ပိုင်းတပ်ဖွဲ့ RCSS/SSA တို့ကြား တိုက်ပွဲက အကြိမ်(၃၀)၊ TNLA/MNDAA ပူးပေါင်းတပ်ဖွဲ့နဲ့ အစိုးရပ်တပ်တွေကြား (၁၀)ကြိမ် ၊ TNLA နဲ့သီးသန့်တိုက်ပွဲ (၈)ကြိမ် ဖြစ်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က စာရင်းထုတ်ပြန် ထားပါတယ်။

ဒါတွေကိုကြည့်ရင် UWSA ဦးဆောင်တဲ့ မြောက်ပိုင်းလက်နက်ကိုင် တပ်ပေါင်းစုကြီး FPNCC နဲ့ဆိုင်တဲ့ ဒေသတွေမှာ တိုက်ပွဲ မရပ်စဲနိုင်သရွေ့ ငြိမ်းချမ်းရေး အလှမ်းကာဝေး နေဦးမယ်လို့ စိုင်းဝမ်စိုင်း က မြင်ပါတယ်။ 
" သူက တကယ့်အင်အား အကြီးဆုံးဖြစ်တဲ့ FPNCC (ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ) ထဲမှာ အဖွဲ့ ၇ ဖွဲ့လောက် ရှိတယ်။ နောက်ပြီးသူတို့က တိုင်းရင်းသားလက်နက်ကိုင် စစ်အင်အားစု အားလုံးရဲ့ ၈၀% လောက် သူတို့ထဲမှာရှိနေတယ်။ ဆိုတော့ အဲဒီ ၈၀% လောက်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို သူက ပလပ်ချန်လှပ်ထားလိုက်တဲ့ အတွက်ကြောင့်မို့ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေးရမှာလဲ ၊ အဲဒါ မေးခွန်းထုတ်စရာပါ။ "

တကယ်တော့ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ AA တပ်ဖွဲ့ ရှိရာဒေသကို အစိုးရတပ်က ထိုးစစ်ဆင်နေတာဟာ AA ကို တိုက်ရိုက် ရှင်းလင်းတာမျိုး မဟုတ်ပဲ အပြစ်မဲ့ ပြည်သူတွေသာ ဒုက္ခ အန္တရာယ်တွေ ကြုံနေရတယ်လို့ ကိုသိန်းထွန်းဇံက ထောက်ပြပါတယ်။

" ထားပါတော့ .. အကြမ်းဖက်အဖွဲ့လို့ သူတို့ သတ်မှတ်ထားတဲ့ Arakan Army ပေါ့နော်။ AA ကို တိုက်ရိုက် ထိုးစစ်ဆင်တာမျိုး မဟုတ်ပဲနဲ့ ပြည်သူလူထုကို ပစ်မှတ်ထားပြီး တည့်ကြီး သွားလုပ်နေတာမျိုးကို တွေ့ရှိရတယ်။ ရွာတွေကို မီးရှို့တယ် ရွာတွေကို ပစ်ခတ်နေတဲ့ဟာတွေက ဆက်တိုက်ဖြစ်နေတယ် ခင်ဗျ။ အဲဒီဟာတွေက ဘာမှ ရပ်တန့်သွားမယ့် သဘော မရှိပါဘူး။ "

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA အပါအဝင် TNLA (တအာင်းပလောင်)၊ MNDAA (ကိုးကန့်) အဖွဲ့တွေပါတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ကလည်း ကိုဗစ်ထိန်းချုပ်ရေးနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ချောမွေ့စေရေးအတွက် စက်တင်ဘာ (၁)ရက်ကနေ နိုဝင်ဘာ (၉)ရက် နေ့အထိ အပစ်ခတ်ရပ်စဲထားမှာ ဖြစ်ကြောင်း ကြေညာထားပေမယ့် ရခိုင်ပြည်နယ်တွင်းနဲ့ ချင်းပြည်နယ် ဒေသတချို့မှာ မြန်မာ့တပ်မတော်က AA တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။


https://burmese.voanews.com/a/myanmar-military-cease-fire-/5642941.html

No comments:

Post a Comment