ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF အဖွဲ့ကဟုပြောပြီး အရပ်သားတစ်ဦးကို လက်နက်ဖြင့် ခြိမ်းခြောက် လက်ထိပ်ခတ်ကာ ကျပ်သိန်း ၇၀ တောင်းယူခဲ့သူ ကျော်ကျော်(မြေသြဇာ) ဆိုသူကို အောက်တိုဘာ ၃၀ ရက် ညပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြန်ပေးဆွဲမှုပြုလုပ်ခဲ့သည့် မြဝတီမြို့နယ် အမှတ် ၅ ရပ်ကွက် တရုတ်ဘုံကျောင်းရှေ့တွင်ရှိသော ခြံဝန်းတစ်ခုထဲမှ နေအိမ်အား ရဲတပ်ဖွဲ့၊ SB တို့မှ ဝင်ရောက်ရှာဖွေရာ BGF တံဆိပ်ပါ ယူနီဖောင်းနှင့် အီကွေ့မန့်များ၊ လက်ထိပ်များ အပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၂ ရပ်ကွက် ရွှေဒင်္ဂါးလမ်းနေ အရောင်းအဝယ် လုပ်ကိုင်သူ ဦးမင်းမင်းနိုင် ဆိုသူသည် အောက်တိုဘာ ၂၆ ရက် မနက် ၂ နာရီအချိန်ခန့်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးတွင် ယာဉ်အမှတ်/ ကားအမျိုးအစား(မမှတ်မိ) အဖြူရောင်ယာဉ်ဖြင့် ယာဉ်အားရပ်တန့်၍ ယာဉ်ပေါ်တွင် အိပ်နေစဉ် အမှတ် ၄ ရပ်ကွက် တောရကျောင်းလမ်းနေ ဦးကျော်ကျော်(မြေဩဇာ) ဆိုသူ အပါအဝင် လူ ၆ ဦး ရောက်ရှိလာခဲ့ပြီး အမှတ် (၅)ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းရှိ နေအိမ်(၁)အိမ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းထံတွင်ပါရှိသော ဖုန်းအား Lock ဖွင့်ခိုင်းပြီး ဘဏ်အကောင့်အား တောင်းဆိုရာ ဦးမင်းမင်းနိုင်က မပေးသဖြင့် လက်ထိပ်ခတ် ထိပ်တုံးခတ်ခဲ့ကြောင်း ကာယကံရှင်၏ ရဲစခန်းထံ တိုင်တန်းမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှတ်တမ်း နှင့် ကာယကံရှင်၏ တိုင်ချက်တို့အရ သိရသည်။
ယင်းနောက် ဦးကျော်ကျော်(မြေဩဇာ)က ဦးမင်းမင်းနိုင်အား ငွေကျပ် သိန်း ၁၀၀ ပေးရန် တောင်းဆိုခဲ့ပြီး ၎င်းသည် နေပြည်တော်မှ တာဝန်ဖြင့် မြဝတီမြို့သို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ဗိုလ်မုတ်သုန် (အမှတ် ၁ဝ၂၂ နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူးမုတ်သုန်) အဖွဲ့က ဖြစ်ကြောင်း စသည်ဖြင့် လက်နက်များ ကိုင်ဆောင်ပြီး ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ဦးမင်းမင်းနိုင်က ၎င်း၏ AYA (ဧရာဝတီ) ဘဏ်အကောင့် 0252…………….. မှ PHYOPA PA SOE ၏ 0146……….. အကောင့်သို့ ငွေကျပ် သိန်း(၇၀)လွှဲပြောင်း ပေးအပ်ခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
လက်ရှိတွင် ကျော်ကျော်(မြေသြဇာ)ကို မြဝတီရဲစခန်းတွင် (ပ)၅၃၆/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၄၇/၅၀၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
http://www.theladiesnewsjournal.com/news/sat-2020-10-31-0813/13962
No comments:
Post a Comment