ပုဒ်မအမျိုးမျိုးဖြင့် အမှုဖွင့်၊ တရားစွဲဆိုခံနေရသည့် ကျောင်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ် ပေးစေလိုကြောင်းနှင့် ၎င်းတို့အား အရေးယူထားသည့် ပုဒ်မများအား အမြန်ဆုံးရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။
“ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေနဲ့ပတ်သတ်ပြီး ဆန့်ကျင့်ဆန္ဒပြပြီး တောင်းဆိုကြတဲ့ ကျောင်းသားတွေရဲ့အပေါ်မှာ စွဲဆိုထားတဲ့ ပုဒ်မတွေအားလုံးကို အမြန်ဆုံးရုပ်သိမ်းပေးဖို့၊ ထောင်အကျဉ်းကျနေတဲ့ ကျောင်းသားတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ အဓိကထား တောင်းဆိုထားပါတယ်” အသံအဖွဲ့၏ အမှုဆောင်ဒါရိုက် ကိုမောင်ဆောင်းခက ပြောသည်။
လက်ရှိအချိန်၌ အမှုဖွင့်ခံအရေးယူခံရသူ စုစုပေါင်း ၅၂ ဦးအထိရှိကာ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၂ ဦးအပြင် တရား ရင်ဆိုင်နေရာသူ ၂၉ ဦးနှင့် ဝရမ်းပြေးအဖြစ် ကြေညာခံထားရသူ ၉ ဦးတို့ရှိပြီး ခံဝန်လက်မှတ်ရေးထိုးထားသူ ၂ ဦးရှိကြောင်း အသံအဖွဲ့မှသိရသည်။
ကျောင်းသားများကို တရားစွဲဆိုရာတွင် ငြိမ်းစုစီဥပဒေအပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊(ခ)နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာဥပဒေကိုလည်း အသုံးပြုလျှက်ရှိပြီး ကျောင်းသားများအား ဖမ်းဆီးရာ၌ ၎င်းတို့နေအိမ်နှင့် ၎င်းတို့ရှိရာနေရာများ(တက္ကသိုလ်ပုရဝုဏ်၊ ဘုန်းတော်ကြီးကျောင်း)သို့ ရဲနှင့်အရပ်ဝတ်အင်အား အများအပြားဖြင့် ရာဇဝတ်နှိမ်နှင်းရေးစီမံချက်တစ်ခုကဲ့သို့ ဝင်ရောက်ဖမ်းဆီးခြင်းများရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ဗကသ ဗဟိုအမှုဆောင်များဖြစ်သည့် ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်တို့အား အများပြည်သူနှင့်မိသားစုအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ တရားခွင်စစ်ဆေးမှုများကို အဆင့်အတိုင်းဆောင်ရွက်ခြင်းမရှိဘဲ အောက်တိုဘာ ၂ ရက်နေ့တွင် ပုဒ်မ- ၅၀၅(က)၊ (ခ) နှစ်ရပ်ပေါင်းပြီး ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့သည်။ ၎င်းတို့မှာ သဘာဝဘေးစီမံဥပဒေနှင့် ငြိမ်းစုစီဥပဒေပုဒ်မများအား ဆက်လက်ရင်ဆိုင်သွားရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခြားတစ်ဖက်မှာ အာဏာရပါတီအပါအဝင် တပ်မတော်နောက်ခံ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးပါတီအချို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးနဲ့ အင်အားပြလှုပ်ရှားမှုတွေကို လူအင်အားထောင်ကဏန်းနဲ့ လုပ်ဆောင်နေကြ တာတွေကို အစိုးရက အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အပြင် ထောက်ခံသူတွေကိုလည်း အရေးယူရန်ခက်ခဲတယ်လို့ တရားဝင်ပြောဆိုထားတာဟာ စိတ်ပျက်ဖွယ်ကောင်းတယ်” ဟု အဖွဲ့အစည်း ၇၀ ၏ ထုတ်ပြန်ချက်က ဆိုထားသည်။
အစိုးရနှင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်လုံးတွင် ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး ကြေညာကာ နိုင်ငံရေးဆွေးနွေးမှုနည်းလမ်းဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းလုပ်ဆောင်ရန်လည်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/s-ment-ov-70-std.html
No comments:
Post a Comment