Friday, October 2, 2020

စစ်တွေ တောကန်အုပ်ချုပ်ရေးမှူးကို စစ်ကြောင်းတစ်ခုက ခေါ်ဆောင်သွား၍ မိသားစုများစိုးရိမ်

 စစ်တွေ တောကန်အုပ်ချုပ်ရေးမှူးကို စစ်ကြောင်းတစ်ခုက ခေါ်ဆောင်သွား၍ မိသားစုများစိုးရိမ်

ခိုင်လူလှ (ရိုးမမြေ)

နိရဉ္စရာ၊ အောက်တိုဘာ ၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းကျော်လှိုင် (၃၈) နှစ်ကို တပ်မတော်စစ်ကြောင်းတစ်ခုက နေ့လယ်ပိုင်းကတည်းက ခေါ်ဆောင်သွားပြီး ယနေ့ ညနေပိုင်း ၆ နာရီကျော်ထိ အိမ်ကို ပြန်မရောက်လာသဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်နေကြသည်ဟု ဇနီးဖြစ်သူ ဒေါ်သူဇာက ပြောသည်။  

“ ဒီနေ့ နေ့လယ်က ဝင်ရောက်လာတဲ့တပ်မတော် စစ်ကြောင်းက ခေါ်သွားတာပါ။ ဖမ်းတာလား။ ဘာလုပ်မှာလဲ တိတိကျကျ မသိရသေးဘူး။ ဘာမှလည်း ပြောမသွားဘူး။ ကျမယောကျ်ား ကျားမသောက် BE တပ်ရင်းထဲကို ရောက်တုန်း ဖုန်းဆက်ခဲ့ပါသေးတယ်။ သူတို့အဲဒီကိုရောက်နေတယ်ဆိုပြီး စကားတစ်ခွန်းနှစ်ခွန်းပြောပြီး ဖုန်းချသွားပါတယ်။ ပြန်ဆက်တော့ မရတော့ဘူး။ အခုအချိန်ထိ ဖုန်းဆက်သွယ်မရဘူး။ ဖုန်းလည်း ပိတ်ထားပါတယ်။ မိသားစုတွေ အရမ်းစိုးရိမ်နေကြပါတယ်” ဟု ဇနီးဖြစ်သူ ဒေါ်သူဇာက ပြောသည်။

ဤဖြစ်စဉ်အား စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးကို တင်ပြထားကြောင်း၊ ကျားမသောက်တွင် တည်ရှိသည် BE တပ်မှူးသို့ ဖုန်းဆက်သွယ်ပြီး မေးမြန်းကြောင်း ပြောကြားသည်။

“ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ပြီး တင်ပြတော့ များမကြာခင် လွတ်လာပါလိမ့်မယ်။ သူတို့ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ BE တပ်မှူးကို ဆက်သွယ်မေးကြည့်တော့ သူတို့တပ်ထဲမှာ မရှိဘူးလို့ ပြောပါတယ်။ နေ့လယ် ၁၂ နာရီကျော်က ခေါ်သွားတာနဲ့ ဖုန်းဆက်တာပါ။ အခု ဘယ်ရောက်နေလဲ မသိပါ” ဟု သူမက ပြောသည်။

အင်အား ၆ဝ ခန့် ရှိသော ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား ပါဝင်သော စစ်ကြောင်း တစ်ကြောင်းသည် ယနေ့ နံနက် ၁၁ နာရီကျော်က တောကန်ကျေးရွာအတွင်းထဲသို့ ဝင်လာပြီး အိမ်ထောင်စု စာရင်းများကို စစ်ဆေးခဲ့သည်ဟု သိရသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ယောက်ဖဖြစ်သူက “ သူတို့က ပထမဆုံး ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်ကို လာပါတယ်။ ပြီးရင် တစ်ရွာလုံးက အိမ်ထောင်စုစာရင်းတွေ မှတ်ပုံတင်တွေကို စစ်ပါတယ်။ ပြီးရင် သူတို့ မသင်္ကာတဲ့ နေရာ တွေကို စူးတွေ၊ တုတ်တွေနဲ့ ထိုးကြည့်ပါတယ်။ ရွာထဲက မသင်္ကာတဲ့ နေရာတွေကိုပါ။ နေ့လယ် ၁၂ နာရီ ရွာထဲက ပြန်ထွက်တော့ ကျနော့်ယောက်ဖကို ခေါ်သွားပါတယ်။ တစ်ခြားလူတွေကို ဖမ်းဆီးတာမျိုးတော့ မရှိပါ” ဟု ပြောကြားသည်။

တောကန်ကျေးရွာသည် အိမ်ခြေ ၁၈ဝ ကျော်ရှိပြီး စစ်တွေ ကျားမသောက်ကျေးရွာအနီးတွင် တည်ရှိကြောင်း သိရသည်။

----------------------------------------

Unicode -



နိရဉ်စရာ၊ အောကျတိုဘာ ၃/၂ဝ၂ဝ








https://burmese.narinjara.com/.../5f786b0552e60167cbc949bf


https://www.facebook.com/narinjara.info/posts/3662643750414342

No comments:

Post a Comment