Thursday, October 29, 2020

မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင် အမျိုးသမီးငယ်များအပါအဝင် ၈ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိ

 

ယနေ့ (အောက်တိုဘာလ ၂၉ )တွင် ရခိုင်ပြည်နယ်ရှိ မင်းပြားမြို့နယ်နှင့်ပေါက်တောမြို့နယ်များတွင် ဆက်ကျော်သက်အရွယ် အမျိုးသမီးငယ်များ အပါအဝင် ၈ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက The Ladies News သို့ ပြောကြားသည်။
 
မင်းပြားမြို့နယ်ရှိ စက္ကရေကျေးရွာနှင့် ပေါက်တောမြို့နယ်ရှိ ကျော်ရှင်ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ခဲ့သောကြောင့် ၈ ဦး ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
 
ဒဏ်ရာရရှိသူ ၈ ဦးတွင် ၇ ဦးမှာ ပေါက်တောဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး၊ ဒဏ်ရာပြင်းထန်သူ တစ်ဦးကိုမူ စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း
ပေါက်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောကြားသည်။
 
ကျော်ရှင်ကျေးရွာမှ ဒဏ်ရာရရှိသူများမှာ ၆ နှစ်အရွယ် ကလေးငယ် (အမျိုးသမီး) တစ်ဦး၊ ၂၅ နှင့် ၂၇ အရွယ် အမျိုးသမီး နှစ်ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး၊ ပေါက်တောမြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူနေကာ ရရှိထားသော ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း ၎င်းက ပြောသည်။
 
''ဒဏ်ရာကတော့ အသက်အန္တရာယ်ကို စိုးရိမ်ရလောက်တဲ့ အနေအထားတော့ မတွေ့ရဘူး။ အဓိကတော့ လက်မောင်းတွေ၊ ရင်ဘတ်တွေ ကျည်စ မှန်တဲ့ သဘောပါ'' ဟု ဒဏ်ရရှိမှုအခြေအနေများကို ဦးအောင်ကျော်ထွီးက ရှင်းပြသည်။
 
စက္ကရေးကျေးရွာမှ ဒဏ်ရာရရှိသူ အသက် ၁၁ နှစ်အရွယ်ကလေးငယ် (အမျိုးသမီး)နှင့်အသက် ၆၀ ကျော် အရွယ် အမျိုးသားတို့မှာလည်း ပေါက်တောဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး၊ ဒဏ်ရာပြင်းထန်သူ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကိုမူ စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဦးအောင်ကျော်ထွီးက ဆက်လက်ပြောကြားသည်။
 
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ မကြာခဏဆိုသလိုဖြစ်ပေါ်နေပြီး၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC)၏ စာရင်းများအရ သေဆုံးသူအရပ် သား ၂၉၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၆၇၀ ကျော်ရှိကြောင်း သိရသည်။

http://www.theladiesnewsjournal.com/news/thu-2020-10-29-1422/13944

No comments:

Post a Comment