ကျောက်တော်မြို့နယ်မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ သက်ကြီး ၃ ဦး ပြန်လည်လွတ်မြောက်လာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ အောက်တိုဘာ ၃/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ သက်ကြီး ၃ ဦး ယနေ့ ညနေ ၅ နာရီခန့်က ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
အဆိုပါ ရွာသား ၃ ဦးမှာ ဦးမောင်အေးချမ်း (၆၁) နှစ်၊ ဦးမောင်လှဖေ (၆၃) နှစ်၊ ဦးမောင်ကျော်သာ (၅၈) နှစ်တို့ ဖြစ်သည်။
၎င်းတို့ ၃ ဦးအား ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့ နေ့လယ် ၃ နာရီခန့်က အင်အား ၅ဝ ကျော်ခန့်ပါသော တပ်မတော်သားများက ကျေးရွာအတွင်း ဝင်ရောက်လာကာ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေ ၅ နာရီခန့်က ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြထွန်းက ပြောသည်။
“ပြန်လွတ်လာပါပြီ။ သုံးယောက်လုံး ယောက်လာပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ကျောင်းထိုင် ဆရာတော်တို့ အဲဒီ အဖမ်းခံခဲ့ရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ မနက်က သွားခဲ့ကြတယ်ပေါ့။ ဒါပေမယ့် အဲဒီတပ်ထဲကို မရောက်ခဲ့ကြပါဘူး။ မသွားရဲလို့ ပြန်လာကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီ သုံးယောက်လုံး အပြစ်မရှိလို့ အခု ပြန်လွတ်လာပါတယ် ”ဟု နိရဉ္စရာသို့ ပြောသည်။
ကျေးရွာအတွင်း တပ်မတော်သားများ ဝင်ရောက်လာစဉ် နေအိမ်များမှ ခေါ်ဆောင်သွားခဲ့ပြီးနောက် အဆိုပါ သာစည်ကျေးရွာ၏ တောင်ဘက် ၆ မိုင်ခန့်အကွာ၌ ရှိသော တပ်မတော်သားများ နေထိုင်သည့် ၃၇၆ တပ်ရင်းအထဲရှိ မူလတန်းကျောင်းဆောင်ထဲတွင် ထိန်းသိမ်းထားခဲ့ကြောင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူ ဦးမောင်အေးချမ်းက ပြောသည်။
“ဖမ်းသွားတဲ့ နေ့က ညနေပိုင်းက ထမင်းမကျွေးဘူး။ လဖက်ရည်တော့ တိုက်ပါတယ်။ ကျွန်တော်တို့ လက်တွေကို ကြိုးတုတ်ထားခဲ့ပါတယ်။ ရိုက်နှက်တာတွေတော့ မရှိပါဘူး။ ရွာထဲကို အေအေတွေ အဝင်/အထွက် ရှိလား၊ ကျွန်တော်တို့ကို အေအေနဲ့ ပတ်သက်မှုရှိလားဆိုပြီး မေးပါတယ်။ အပြစ်မရှိလို့ ၃ ယောက်လုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု ဦးမောင်အေးချမ်းက နိရဉ္စရာသို့ ပြောသည်။
သာစည်ကျေးရွာတွင် အိမ်ခြေ ၄၃ဝ ကျော်ရှိပြီး လူဦးရေ ၂၇ဝဝ ကျော်ရှိကြောင်း၊ ယင်းထဲမှာ လူဦးရေ ၅ဝ ခန့်သာ ကျေးရွာအတွင်း ကျန်ရှိတော့ပြီး နောက်ထပ်ကျေးရွာသားများမှာ တပ်မတော်သားများ မကြာခဏ ကျေးရွာအတွင်းဝင်ရောက်မှုများရှိ၍ ဖမ်းဆီးခံရမည်ကို ကြောက်လန့်ကာ အနီးအနား ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင် လျက်ရှိကြကြောင်း၊ တချို့မှာ စစ်ရှောင်စခန်းများတွင် ခိုလှုံနေထိုင်နေကြကြောင်း ကျေးရွာအုပ်ချုပ်းရေးမှူး ပြောပြချက်အရ သိရသည်။
-----------------------------
Unicode -
နိရဉ်စရာ၊ အောကျတိုဘာ ၃/ ၂ဝ၂ဝ
https://burmese.narinjara.com/.../5f7878a252e60167cbc949c3
https://www.facebook.com/narinjara.info/posts/3662791330399584
No comments:
Post a Comment