"လက်နက်ကိုင် အကြမ်းဖက်သူတို့ကို ပြည်သူက အမြဲကြောက်ရွံ့ထိတ်လန့်နေရတဲ့အတွက် အရပ်ဘက်-စစ်ဘက်ဆံရေးဟာ ချစ်ခင်ရင်းနှီးပျော်ရွှင်တဲ့ ဆက်ဆံရေးမဖြစ်နိုင်သေးပါဘူး။ ဒီလို အခြေအနေဆိုးကြီးမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်ကြေညာတာဟာ လူထုကြီးသေချင်သေပါစေ ဂရုမစိုက်ဘူး၊ အာဏာကို ရအောင်ယူမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်နေပါတယ်"
ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေနှင့် တွေ့ဆုံခြင်း
By ရန်ကုန်ခေတ်သစ်
ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ ဦးဆောင်သော ဒီမိုကရက်တစ်ပါတီ(မြန်မာ) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အခြေအနေများနှင့်ပတ် သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ဒီမိုကရက်တစ်ပါတီ(မြန်မာ) က မဲဆန္ဒနယ်ဘယ်နှစ်နေရာ ဝင်ပြိုင်မှာလဲ။
ဖြေ။ ။ မဲဆန္ဒနယ် ၃၃ နေရာမှာဝင်ပြိုင်ပါမယ်။ပြည်သူ့ လွှတ်တော် ၁၂ နေ ရာ၊ အမျိုးသားလွှတ်ေတာ် ၃ နေရာ တိုင်းဒေသကြီးလွှတ်တော် ၁၈ နေရာ ဖြစ်ပါတယ်။
မေး။ ။ ပါတီအနေနဲ့ မဲဆွယ်တဲ့ အခါမှာ၊ဘယ်လိုကတိကဝတ်၊ဘယ်လိုရွေး ကောက်ပွဲ ကြေညာမှုတွေနဲ့ မဲဆွယ်မှာလဲ။
ဖြေ။ ။ ပြည်သူတွေ ရွေးကောက်မယ့် လွှတ်တော်ကိုယ်စားလှယ်ဟာ၊အစိုးရတွင်းညီညွတ်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိမှ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုး တက်မယ်။ ပြည်ထောင်စုသားတွေ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံပြီး လူဖြစ်ကျိုးနပ်ကြမယ်။ ဒါကြောင့် အရည်အချင်းရှိတဲ့ကိုယ်စား လှယ်မျိုးကိုသာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကရွေးပေးထားပါတယ်။ ကိုယ်အရည်အချင်းမရှိဘဲ နိုင်ငံကောင်းအောင်မလုပ်နိုင်ပါဘူး။ အရည်အချင်းရှိသူများကိုသာ ကိုယ်စားလှယ်အဖြစ်ရွေးကြဖို့ ရှင်းပြတဲ့ နည်းနဲ့ တိုက်တွန်းမဲဆွယ်ခြင်းဖြစ်ပါတယ်။
မေး။ ။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကို ကြံခိိုင်ရေးပါတီရဲ့ မဟာမိတ်ပါတီတခုအဖြစ်ပြော ဆိုဝေဖန်မှုအပေါ် ဘယ်လို တုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဟာ ပြည်ထောင်စုကြီးကောင်းကျိုးအ တွက် လုပ်နေတဲ့ ပါတီ၊ပြည်ထောင်စုကြီးကောင်းကျိုးအတွက်လုပ်နေတဲ့ ပုဂ္ဂိုလ်၊ ပြည်ထောင်စုကြီးကောင်းကျိုးအတွက်လုပ်နေတဲ့ လုပ်ငန်းတွေမှာ၊ပါတီ၊ပုဂ္ဂိုလ်၊လုပ်ငန်းမရွေး၊ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကာလတုန်းက၊ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဟာ တိုင်းဒေသကြီး ပါတီ ၅ ခု၊ ပြည်နယ်တိုင်းရင်းသားပါတီ ၅ ခုစုပေါင်းပြီး ၊ ၁၀ ပါတီဒီမိုကရေစီမိတ်ဆွေများအဖြစ်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကာလမှ က နေ့ အထိလည်း တိုင်းနဲ့ ပြည်နယ်ပါတီ ၁၂ ခုပေါင်းပြီး (ဖယ်ဒရယ်ဒီမိုကရေစီ မဟာမိတ်)ဖွဲ့စည်းထားပါတယ်။
မေး။ ။ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ငြိမ်းချမ်းရေး အလားအလာကို ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ပြည်ထောင်စု ငြိမ်းချမ်းရေးကြီးကို အမှန်တကယ်ရယူလိုတဲ့ ဆန္ဒရှိသူများက တာဝန်ဆောင်ရွက်ကြရင်၊ခဲယဉ်းမှာ မဟုတ်ပါဘူး။ ဆန္ဒရှိဖို့ပဲ လိုပါတယ်။
မေး။ ။ လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ (NLD)ပါတီဟာ တကယ့်ကို ဒီမိုကရေစီရှင်သန်ရေး၊ အုတ်မြစ်မချနိုင်ဘူးလို့ ဝေဖန်မှုတွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ လူတိုင်းဒီမိုကရေစီ စကားပြောနေကြပါတယ်။ ဒါပေမယ့် သူတို့ ဆိုလိုတဲ့ ဒီမိုကရေစီအဓိပ္ပါယ်ဟာတယောက်နဲ့ တယောက်မတူကြဘူး။ (၁၉၄၉)ခုနှစ်တုန်းက ကုလသမဂ္ဂမှာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီညီလာခံကြီးကျင်းပခဲ့တယ်။
ကမ္ဘာ့နိုင်ငံအစိုးရတွေ၊ နိုင်ငံရေးပါတီပေါင်းများစွာတက် ရောက်ပြီး၊သူတို့ ကျင့်သုံး နေတဲ့ဝါဒဟာ၊ဒီမိုကရေစီလို့ စောဒကတက်ကြတယ်။ ကျနော်တို့ သိနေတဲ့ အာဏာရှင်နည်းအမျိုး၊လက်ဝဲစွန်း၊လက်ယာစွန်း၊အကြမ်းဖက်ဝါဒ အမျိုးမျိုးကို ဒီမိုကရေစီလို့ ရှင်းပြသွားကြတယ်။
အမှန်ကတော့ ဘယ်သူ့ကိုမှ လည်းမထိခိုက်၊ကိုယ့်ကိုယ်ကိုလည်းမထိခိုက်တဲ့ အပြောအဆို၊အပြုအမူဟာ အားလုံးလက်ခံနိုင်မှာဖြစ်လို့ ၊မိမိကိုယ်ကိုစောင့် ထိန်းတာ ဒီမိုကရေစီလို့ ပြောနိုင်မယ်ထင်တယ်။
မေး။ ။ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးဆိုးရွား လာတယ်လို့ ပြောဆိုမှုတွေအပေါ် ဘယ်လိုများသုံးသပ်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ အာဏာကိုရယူဖို့ ပြည်သူလူထုရဲ့ ဆန္ဒမဲရွေးကောက် ပွဲနည်းကို အသုံးမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်၊ပုန်ကန်တိုက်ခိုက်ကြတဲ့ အတွက်ပြည်သူတို့ ဆင်းရဲဒုက္ခသံသရာ ထဲမှာ လည်နေကြရပါတယ်။
လက်နက်ကိုင် အကြမ်းဖက်သူတို့ ကိုပြည်သူက အမြဲကြောက်ရွံ့ထိတ်လန့်နေရတဲ့အတွက် အရပ်ဘက်စစ်ဘက်ဆံရေးဟာ ချစ်ခင်ရင်းနှီးပျော်ရွှင်တဲ့ ဆက်ဆံရေး မဖြစ်နိုင်သေးပါဘူး။
ယခုအခါတပ်မတော်ကလည်း ပြည်သူအကျိုးပြုလုပ်ငန်းတွေ တက်တက်ကြွကြွဆောင်ရွက်နေကြသလို လက်နက်ကိုင်ပုန်ကန်သူတွေကလည်း သူတို့စိုးမိုးတဲ့ နယ်ပယ်မှာ ပြည်သူနဲ့ ပြေပြစ်တဲ့ ဆက်ဆံရေးတွေ၊ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ပေးနေကြတဲ့ အတွက် အခြေအနေတိုးတက်ကောင်းမွန်လာတာတော့ မှန်တယ်။
ဒါပေမယ့် လက်နက်ကိုင် ပဋိပက္ခပပျောက်သွားတဲ့ ငြိမ်းချမ်းရေးရသွားမှ၊ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံဖြစ်လာမှ၊အရပ်ဘက်စစ်ဘက်ဆက်ဆံရေးဟာ မိသားစုဆက်ဆံဆက်ရေးဖြစ်လာမှာပါ။ အချိန်အများကြီးယူရပါဦးမယ်။ အထူးသဖြင့် တာဝန်ရှိသူများ၊သံသယတွေ၊အဃာတတွေ ပြေပျက်ပစ်ဖို့ လိုပါတယ်။
မေး။ ။လက်ရှိ ရွေးကောက်ပွဲကော်မရှင်ဟာ တရားမျှတမှုရှိတဲ့ ကော်မရှင်ဟုတ်ပါရဲ့လား။
ဖြေ။ ။ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက် နိုင်ငံကိုကောင်းအောင်အုပ်ချုပ်နိုင်မယ့် သူတွေရွေးချယ်ရာမှာ၊ တရားမျှတ လွတ်လပ်တဲ့ ပြည်သူ့ဆန္ဒဖေါ်ထုတ်နည်း အသုံးပြုခြင်းဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ဆိုတာ ဂုဏ်သရည်ရှိ ရိုးသားဖြောင့်မတ်သူ ဖြစ်မယ်။ စည်းကမ်းဖောက်တဲ့ အစိုးရပဲဖြစ်ဖြစ်၊မည်သူပဲဖြစ်ဖြစ် ၊ပြတ်ပြတ်သားသား အရေးယူဝံ့တဲ့သတ္တိရှိရပါမယ်။ အခုတော့ မြန်မာနိုင်ငံမှာ ကော်မရှင်တွေကိုယ်တိုင်က စည်းကမ်းဖောက်ဘက်လိုက်ကြလို့ ပြည်သူလူထုရဲ့ယုံကြည်မှုကို မရကြပါဘူး။
မေး။ ။ကိုဗစ်ဖြစ်နေပေမယ့် ရွေးကောက်ပွဲက ကြေညာထားတဲ့ အတိုင်းဆက် လက်ဆောင်ရွက်မယ့် အပေါ်ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။
ဖြေ။ ။ ကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့ အန္တရာယ်ဟာ အင်မတန်ကြောက်စရာကောင်းတဲ့ အတွက်အစိုးရက ပြည်သူတွေကို အိမ်မှမထွက်ရအမိန့်ထုတ်၊ ထွက်ရင်ဒဏ်ငွေရိုက်တယ်။ ထောင်ချတယ်။ အရေးကြီးတဲ့ကိစ္စရှိရင်တောင်၊သတ် မှတ်ထားတဲ့ အကာအကွယ်လုပ်ပြီး တယောက် နှစ်ယောက်ပဲထွက်ခွင့်ရှိတယ်။
ရွေးကောက်ပွဲစည်းရုံး မဲဆွယ်ဆိုတာတော့ဝေးလို့ပေါ့။ နိုင်ငံရေးပါတီတွေကလည်း မလုပ်ဝံ့ဘူး။ ဒီလိုကာလကြီးမှာ ပြည်သူကလည်း သူတို့ဆီဘယ်သူမှ လာတာမကြိုက်ဘူး။ ရောဂါဖြစ်သူတွေကလဲ လျှင်လျှင်မြန်မြန်ကြီးတိုးနေတယ်။
သေဆုံးသူတွေလည်း များလိုက်လာတယ်။ ဒီလို အခြေအနေဆိုးကြီးမှာ ဘာပဲဖြစ်ဖြစ်ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်ကြေညာတာဟာ၊ လူထုကြီးသေချင်သေပါစေ ဂရုမစိုက်ဘူး။ အာဏာကိုရအောင်ယူမယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်နေပါတယ်။ ဒါလောက်အန္တရာယ်ကြီးတဲ့ကိစ္စမှာ တောင် လူထုဆန္ဒကို အလေးမထားရင်၊ အင်မတန်အရုပ်ဆိုး၊အကျည်းတန်တဲ့အစိုးရအဖြစ်၊သမိုင်းမှတ်တမ်းပါသွားလိမ့်မယ်။
မေး။ ။ ပြည်သူတွေကိုဘယ်လိုမဲဆွယ်စည်းရုံးမယ့် စကားပါးချင်ပါသလဲ။
ဖြေ။ ။ ဒီလိုကာလမျိုးမှာ ဒီမိုကရက်ပါတီ (မြန်မာ)ကရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့ စိတ်မကူးပါဘူး။ ပြည်သူတွေရောဂါကင်းအောင်၊ဘာတွေများဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့က ပိုမိုလို့ အရေးကြီးပါတယ်။ ဒီလိုအန္တရာယ်ဆိုးရွားတဲ့ အခါသမယမှာ မြန်မာပြည်ထောင်စုသားတွေအားလုံး စိတ်ဝမ်းမကွဲဘဲ ညီညွတ်ညွတ်နဲ့၊ရောဂါဆိုးကြီးနဲ့ အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်ကြပါလို့ အလေးအနက်တိုက်တွန်းပါတယ်။
https://web.facebook.com/khitthitnews/posts/1025679134536099?__cft__[0]=AZWaSygkTD_4Z_ZCxwyyjAYX5xyqLE5pVToHuH0j0CLjCGVQfSL2Wa3_Tfm0P7x8Q79b_OlVmwXhBHamcMCOGmOQ0sWBD6CBCr1je-DXC2rthZTwy32DZHcg86jaNrK1L0EqX63_0cnqKOYZWKTKDFJfNJHBrPvK1XygqmwicdQ-LvHbTFQyxojGYqYz0RlzJ7k&__tn__=%2CO%2CP-R
No comments:
Post a Comment