ကျောင်းသားများ ဆက်တိုက်ဖမ်းဆီးခံထားရသော်လည်း ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး ဆက်လှုပ်ရှားမည်ဟု ဗကသ ကြေညာ
ရန်ကုန်၊ အောက်တိုဘာ ၁
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စစ်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကျောင်းသားအများအပြား ဖမ်းဆီးခံထားရသော်လည်း စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ မကြာမှီကာလအတွင်း စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုး ကပြောဆိုသည်။
“ ကျွန်တော်တို့က ဒီလိုမျိုးလုပ်ရင် ဖမ်းခံရမယ်ဆိုတာသိတယ်။ ဒါပေမယ့် အဖမ်းခံရတဲ့ ရဲဘော်တွေက တစ်ပိုင်းပေါ့။ ကျွန်တော်တို့က ကျွန်တော်တို့ မူဝါဒနဲ့ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေအရ လှုပ်ရှားမှုတွေ ဆက်သွားဦးမှာပါ။ သိပ်မကြာခင်မှာ လှုပ်ရှားမှုတွေတွေ့ရပါလိမ့်မယ်။ သူတို့က တော့ ကျွန်တော်တို့ အင်အားကို ဖမ်းဆီးရတဲ့အကြောင်းအရင်း တရားစွဲရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ အင်အားကို လျှော့သွားအောင် လှုပ်ရှားမှုရပ်တန့်သွားအောင်ပြီးရင် သူတို့ရဲ့ ရာဇဝတ်မှုတွေ သူတို့ရဲ့ လုပ်ရပ်တွေ သူတို့ရဲ့ ဖိနှိပ်မှုတွေကို ပြည်သူတွေမသိအောင် သတင်းအမှောင်ချတဲ့အနေနဲ့ ဒီလိုမျိုး လုပ်တာပေါ့။ ကျွန်တော်တို့အနေနဲ့ ဒါကိုတော့ ကြိုပြီးတွက်ထားတယ်။ အဖမ်းခံရမယ်။ ဝရမ်းထုတ်ခံရမယ်။ ပြေးရမယ်လွှားရမယ်ဆိုတာ ကြိုပြီးသိတယ်။ ဒါပေမယ့် ဒီလှုပ်ရှားမှုတွေကို တစ်နည်းမဟုတ်တစ်နည်း ဆက်လုပ်သွားမှာပါ” ဟု ၎င်းကပြောဆိုသည်။
လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားသော ဗကသကျောင်းသားများမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) (ခ)ဖြင့် ကိုသန်းတိုးအောင် (မိတ္ထီလာတက္က သိုလ် ကျောင်းသားများသမဂ္ဂ)၊ ကိုဆန်းလင်းကို (မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) ကိုလင်းသူရကို (မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ)တို့ဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ကိုအောင်သူဟိန်း (မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုထက်အောင် (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့)၊ ကိုကျော်ရဲသူ (ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) ဖြစ်ကာ ငြိမ်း စု စီ ပုဒ်မ (၁၉)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ဖြင့် ကိုရဲရင့်အောင် (ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) (ခ)၊ ငြိမ်း စု စီ ပုဒ်မ (၁၉)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ ဖြင့် ကိုစိုးလှနိုင် (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့)၊ ကိုကျော်သီဟရဲကျော် (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့) တို့ အရေးယူခံထားရကြောင်း ဗကသများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။
ထို့ပြင် ငြိမ်း၊ စု၊ စီ ပုဒ်မ (၁၉)ဖြင့် ကိုမျိုးချစ်ဇော် (ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုညီညီ မင်းထက်ဝေ (ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့)၊ ကိုသက်မောင်မောင် (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုအောင်ခိုင်မင်း (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)၊ ကိုလှထွန်းအောင် (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)တို့ဖြင့်ကာ ဗကသအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသားမဟုတ်သည့် စစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့သော ကိုသုတညီညီ (မန္တလေးသမဝါယမကောလိပ်ကျောင်းသားများ သမဂ္ဂ) ကိုလည်း ငြိမ်း၊ စု၊ စီ ပုဒ်မ (၁၉)ဖြင့် အရေးယူထားကြောင်း ဗကသများ အဖွဲ့ချုပ် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့သို့ ကျောင်းသားအများအပြား အရေးယူခံထားရသော်လည်း ရဲတပ်ဖွဲ့က ဗကသအဖွဲ့ချုပ် ကျောင်းသား ၂ဝကျော်ခန့်ကို လိုက်လံ ရှာဖွေနေမှုများရှိခြင်းကြောင့် တိမ်းရှောင်နေရကြောင်း ကိုအောင်ပြည့်စုံဖြိုး ကဆက်လက်ပြောဆိုသည်။
“ တိမ်းရှောင်နေတဲ့ ကျောင်းသားတွေကို အပူတပြင်းလိုက်ရှာတယ်။ တော်တော်များများ လိုက်ရှာနေကျတယ်။ သူတို့က ရတဲ့နည်းနဲ့ လိုက်ရှာတာပေါ့။ ကျောင်းသားတွေနဲ့ ဆက်သွယ်ဖူးတဲ့သူတွေ အဆက်အသွယ်ရှိတဲ့အိမ်တွေပြီးရင် ပြီးတော့ မျိုးဆက်ဟောင်းတွေရဲ့ အိမ်တွေပါ ဝင်ရှာတာမျိုးတွေပါ ရှိပါတယ်။ လှုပ်ရှားမှုရှိခဲ့တဲ့ ဒေသက ကျောင်းသားတွေအကုန်လုံးကို လိုက်ရှာတာပေါ့။ အများစုက ဝရမ်းမပါဘဲ လိုက်ရှာခံရတာပေါ့။ ဒီတိုင်းခေါ်စစ်ဖို့ဆိုပြီးတော့ ခေါ်စစ်တဲ့ပုံစံမျိုးတွေ ဒီတိုင်းအရင်က ပုံစံမျိုးတွေလုပ်တာပေါ့။ ဘယ်အမှုနဲ့ တရားစွဲထားလဲဆိုတာ သေချာပေးမသိဘဲနဲ့ ဒီတိုင်းခဏလိုက်ခဲ့ ပါအုန်းဆိုတာမျိုးတွေပေါ့” ဟု ၎င်းကပြောဆိုသည်။
ရခိုင်ပြည်တွင် စစ်ပွဲများကြောင့် အရပ်သား ၃၀၀ နီးပါး သေဆုံးခဲ့ရပြီဖြစ် ကြောင်း ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
https://web.facebook.com/khitthitnews/posts/1025640377873308?__cft__[0]=AZXAPMoC7v04nhHvJrfh3XLxZ92CzRom0PndWVw3Zb4dNSP45mbzDMFWsWSkiXDvQjYEhmdymShX0Fez-tMKJ-DF1g2c-ZSfBeUX9hAQLbA_2DdUZBHf0xmyR-_j4U0uzzui8UVZiJbeZkwMaHY_CkNxs9yqOmlJP9KGcgT-FTh_HI5k_L_8rkD7qAmUU1VJUdM&__tn__=%2CO%2CP-R
No comments:
Post a Comment