ရခိုင်စစ်ပွဲများနှင့် ပြည်တွင်းစစ်ရပ်စဲရေး စတစ်ကာကမ်ပိန်း ပြုလုပ်မှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် ဗကသ ကျောင်းသားနှစ်ဦးကို ပေါင်းတည်မြို့ ဘုန်းကြီးကျောင်း၌ ဝင်ရောက်ဖမ်းဆီး
ဗကသ ကျောင်းသားနှစ်ဦး ခေတ္တတည်းခိုနေထိုင်နေရာ ဘုန်းတော်ကြီးကျောင်းသို့ ရဲတပ်ဖွဲ့က လာရောက် ခေါ်ဆောင်နေစဉ်
ဗကသ ကျောင်းသားနှစ်ဦး ခေတ္တတည်းခိုနေထိုင်နေရာ ဘုန်းတော်ကြီးကျောင်းသို့ ရဲတပ်ဖွဲ့က လာရောက် ခေါ်ဆောင်နေစဉ်
PUBLISHED 30 SEPTEMBER 2020
 
ဝေလင်း (ပြည်)

ရခိုင်စစ်ပွဲများနှင့် ပြည်တွင်းစစ်ရပ်စဲရေး စတေကာကမ်ပိန်း ပြုလုပ်မှုကြောင့် ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် ဗကသ ကျောင်းသားနှစ်ဦးကို ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗကသကျောင်းသား နှစ်ဦးဖြစ်သည့် ကိုကျော်ရဲသူနှင့် ကိုထက်အောင်တို့ကို  စက်တင်ဘာ ၂၈ ရက် မွန်းလွဲ  ၁ နာရီခွဲခန့်က နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နှင့်အဖွဲ့များ ရာအိမ်မှူးများက ပေါင်းတည်မြို့ ဖြူစင်အလင်းရောင်ပညာဒါန ဖွင့်လှစ်ရာ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဘုန်းတော်ကြီးကျောင်း ဆရာတော်က မိန့်သည်။

“ပထမလာတုန်းက အပိုင်နယ်ထိန်း လာတယ်။ ဝရမ်းမပါဘူး။  အဲဒါနဲ့ နောက်တစ်ခေါက်လာခဲ့ ကလေးတွေက ဖြေရှင်းဖို့အသင့်ပဲလို့ ပြောလိုက်တယ်။ နောက်တစ်ခေါက် လာတယ်၊ ဝရမ်းနဲ့ကျန်တာတွေပါ စစ်လိုက်တယ်။ ပြီးတော့ ကလေးတွေကို ခေါ်သွားတယ်ပေါ့။ အခုဖြစ်ရပ်က ကိုရိုနာဗိုင်းရပ်စ်ထက် ဆိုးတယ်လေ။ စစ်ပွဲဆိုတာက အဆင်မပြေဘူးလေ။ အိုးတစ်ခွဲအိမ်တစ်ခွဲနဲ့ သေကြတယ်။ နေစရာထိုင်စရာမရှိကြဘူး။ အဲဒီတော့ ဦးဇင်းတို့က စစ်ပွဲရပ်ဖို့ ပြောနေမှာပဲ။ စစ်ပွဲကို ဆန့်ကျင်တယ်။ AA ကိုလည်း ဆန့်ကျင်တယ်။ တပ်မတော်ကိုလည်း ဆန့်ကျင်တာနဲ့ အတူတူပဲ။ ဦးဇင်းတို့က AA ကိုထောက်ခံပြီး တပ်မတော်ကို ဆန့်ကျင်တာလည်း မဟုတ်ဘူး။ တပ်မတော်ကိုထောက်ခံပြီး AA ကိုဆန့်ကျင်တာလည်း မဟုတ်ဘူး။ နှစ်ဖက်လုံး ဒါပဲပြောချင်တယ်။ ဒီကလေးတွေက ကိုဗစ်အစကတည်း ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသတွေ နယ်ခြားတွေ သူတို့ကိုယ်တိုင် ဟန်းဂျယ်တွေ ထုတ်တွေ လက်ကမ်းစာစောင်တွေ စတေကာတွေ ပြည့်စုံအောင် ကပ်ခဲ့၊ လှူခဲ့၊ ဆေးရုံကြီးတွေကိုလည်း PPE ဝတ်စုံတွေ လှူတယ်။ အခြားမြို့တွေလည်း သွားလှူတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စတစ်ကာ ကပ်တာလောက်နဲ့ ဒီလိုပုဒ်မ ၅၀၅ (ခ) တပ်စွဲတာကတော့ ဦးဇင်းတို့အနေနဲ့ များလွန်းတယ်လို့ ယူဆတယ်”ဟု ဆရာတော်က မိန့်သည်။

လက်ရှိ ဗကသကျောင်းသား နှစ်ဦးအား ပေါင်းတည်မြို့မရဲစခန်းအချုပ်တွင် ဖမ်းဆီးထားရှိပြီး စက်တင်ဘာ၂၉ ရက်တွင် ရမန်ယူခဲ့ကြောင်း သိရသည်။

“လက်ရှိမှာ တစ်နိုင်ငံံလုံး ကျောင်းသားတွေ အဖမ်းခံနေရတယ်။ ရခိုင်စစ်ဘေးတွေကို ကျောင်းသားတွေအနေနဲ့ က ပြည်တွင်းစစ်ကို ရပ်ခိုင်းတာကိုဘာကြောင့် သဲကြီးမဲကြီး လိုက်ဖမ်းနေတာလည်းလို့ မေးခွန်းမေးချင်တယ်”ဟု ပေါင်းတည်မြို့ခံ ဗကသမျိုးဆက်ဟောင်း ကိုပိုင်က ပြောကြားသည်။

အဆိုပါ ဗကသကျောင်းသား နှစ်ဦးအား ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာဖြစ်ပြီး ရခိုင်စစ်ပွဲရပ်၊ ပြည်တွင်းစစ်ရပ်ရေးနှင့် ရခိုင်ပြည်သူလူထုနဲ့အတူ ရပ်တည်ကြောင်း စတေကာများကို ပေါင်းတည်မြို့တွင် လိုက်လံကပ်ခဲ့ခြင်းကြောင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

https://news-eleven.com/article/194403