ဘူးသီးတောင်မြို့နယ်တွင် နွားကျောင်းနေသည့် အမျိုးသမီးတစ်ဦးကို ဓါးဒဏ်ရာများဖြင့် ရွာပြင်၌ သေဆုံးလျှက်တွေ့ရှိ
ဆောင်းဇာခြည်
နိရဉ္စရာ၊ စက်တင်ဘာ ၂၉/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘဂုံးနားအုပ်စု၊ ဒုံးရှောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးကို ရွာအပြင်၌ ဓါးဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရကြောင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသမီးမှာ ဒုံးရှောင်ကျေးရွာမှ ဒေါ်အေးသာ (၅၄) နှစ်ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက် ၁ဝ နာရီခန့်က သေဆုံးသူ ဒေါ်အေးသာမှာ ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခွဲခန့် ဝေးကွာသည့် ကွင်းပြင်တစ်ခုတွင် နွားကျောင်းရန်သွားပြီး ယနေ့ ညနေ ၄ နာရီအထိ နေအိမ်သို့ ရောက်မလာသောကြောင့် မိသားစုဝင်များ လိုက်ရှာကြရာ ယင်းနွားကျောင်းရာနေရာအနီး လျှိုမြောင်တစ်ခုထဲရှိ ကျောက်ပြင်တစ်ခု၌ ဓါးခုတ်ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိရခြင်းဖြစ်ကြောင်း အစ်ကိုတော်စပ်သူ ဦးမောင်သိန်းအောင်က ပြောသည်။
“ကျွန်တော်သွားတော့ သူ အသက်ထွက်တော့မှာပေါ့။ ကျွန်တော့်ကို လှည့်ကြည့်ခဲ့ပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး ဆုံးသွားတယ်။ သွေးတွေလည်း အရမ်းထွက်နေခဲ့တယ်။ ဓါးတွေနဲ့ ခုတ်ပစ်ခဲ့တာ။ သူ့ကို မတရားကျင့်သွားသလို သံသယလည်း ရှိပါတယ်။ အခုက ဆေးရုံကလည်း မစစ်ဆေးပေးသေးတော့ သူ့ကို မတရား ကျင့်ခဲ့လားဆိုတာ အတိကျ ပြောလို့တော့ မရသေးဘူး” ဟု နိရဉ္စရာသို့ ပြောသည်။
ခြေနှစ်ဘက်လုံးရှိ ဒူးများအောက်တွင် ဓါးဖြင့် ခုတ်ထားသည့်ဒဏ်ရာ၊ နဖူးတွင် ခုတ်ထားသည့် ဓါးဒဏ်ရာတို့ဖြင့် သွေးထွက်လွန်ကာ တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် အလောင်းမှာ ဘူးသီးတောင်ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ သေဆုံးသူတွင် မတရား ကျင့်ခံရသည့် သံသယရှိကြောင်း၊ အလောင်းအား စက်တင်ဘာ ၃ဝ ရက်နေ့ နံနက်ပိုင်း စစ်ဆေးပြီးမှ မတရားကျင့်ခံရ/မခံရကို သိရမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။
အဆိုပါ ဒုံးရှောင်ရွာအနီး မူဆလင်ကျေးရွာများဖြစ်သည့် ဘဂုံးနားတောင်ရွာ၊ ဘဂုံးနားမြောက်ရွာ၊ ဘဂုံးနား အလယ်ရွာ၊ မြောင်းနား၊ လက်ဝဲဒက်ပြင်ရှည် စသည့် မူဆလင် ကျေးရွာ ရာနှင့်ချီ ပတ်ပတ်လည် ဝန်းရံ လျှက် ရှိကြောင်း ဦးထွန်းအောင်သိန်းက ဆက်ပြောသည်။
“အဲဒီ ဘင်္ဂလီ မူဆလင်ရွာတွေရဲ့ အလယ်မှာ အဲဒီ ရခိုင်ရွာ တစ်ရွာတည်းရှိတာ။ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းဘူး။ ဆိုင်ကယ်တို့ ကားတို့နဲ့လည်း သွားလို့မရဘူး။ အဲဒါကြောင့် မိသားစုဝင်တွေနဲ့ အလောင်းကို ဘူးသီးတောင်ကို ထမ်းပိုးပြီး သယ်လာခဲ့ကြတာ။ ဒီရွာအတွက် အရမ်းစိုးရိမ်ရတဲ့ အခြေနေမှာ ရှိပါတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။
အဆိုပါကျေးရွာတွင် လူဦးရေ ၇ဝ ခန့်နှင့် အိမ်ခြေ ၁၅ ဆောင်ခန့်ရှိပြီး ဘူးသီးတောင်မြို့၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။
-------------------------------------
Unicode -
နိရဉ်စရာ၊ စကျတငျဘာ ၂၉/ ၂ဝ၂ဝ
https://burmese.narinjara.com/.../5f7361da40b9274e52923aa5
https://www.facebook.com/narinjara.info/posts/3650475258297858
No comments:
Post a Comment