Tuesday, September 29, 2020

ပေါင်းတည်မြို့တွင် စစ်ဆန့်ကျင်ရေး လှုပ်ရှားသည့် ကျောင်းသား ၂ ဦးကို ရမန်ယူပြီး အကျဉ်းထောင်သို့ ပို့ဆောင်

 ပေါင်းတည်မြို့တွင် စစ်ဆန့်ကျင်ရေး လှုပ်ရှားသည့် ကျောင်းသား ၂ ဦးကို ရမန်ယူပြီး အကျဉ်းထောင်သို့ ပို့ဆောင်

ရန်ကုန်၊ စက်တင်ဘာ ၂၉
ပဲခူးတိုင်း ပေါင်းတည်မြို့နယ်တွင် စစ်ဆန့်ကျင်ရေး စတစ်ကာ ကမ်ပိန်း ပြုလုပ်ခဲ့သောကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ယမန်နေ့က ဖမ်းဆီးခံရသော ကျောင်းသား၂ ဦးကို စက်တင်ဘာလ ၂၉ရက်နေ့ ယနေ့တွင် ပေါင်းတည်မြို့နယ် တရားရုံး၌ ရမန်ယူကာ ပေါင်းတည်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုပိုင်ဖြိုးဇင် ကပြောဆိုသည်။
“ ချုပ်ရက် ရမန်ယူတာ ရမန်ကြီးဆိုတော့ အောက်တိုဘာလ ၁၃ရက်နေ့ ရုံးချိန်း အစကတော့ ကျွန်တော်တို့ကိုပြောတာ ရုံးချိန်းကို ၂နာရီထုတ်မယ်လို့ပြောပြီးတော့ ဆေးရုံမှာ ဆေးစစ်ချက်တွေယူပြီး ၂နာရီထုတ်မယ်ပေါ့။ လူများမှာစိုးလို့ မိသားစုဝင်လောက်ပဲလာပါဆိုပြီးတော့ နေ့လယ် ၁၂နာရီ ဆေးရုံကနေ တစ်ခါတည်း တရားရုံးကိုခေါ်သွားပြီးတော့ ရုံးထုတ်သွားတာ ၂နာရီမှ မဟုတ်ဘူး။ ၁၂နာရီတည်းကရုံးထုတ်သွားတယ်လို့သိရတယ်။ သူတို့ ဦးလေးတွေနဲ့တော့ တွေ့ခွင့်ရလိုက်တယ်လို့တော့ ပြောတယ်။ တင်းကျပ်ထားတာတော့မရှိပါဘူး။ တွေ့ခွင့်ရပါတယ်” ဟု ၎င်းကပြောဆိုသည်။
စစ်ဆန့်ကျင်ရေး စတစ်ကာ ကမ်ပိန်းပြုလုပ်ခြင်းကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံရသော ကျောင်းသား ၂ဦးမှာ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ကိုကျော်ရဲသူနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ-ဥက္ကဌ ၂ ကိုထက်အောင် တို့ဖြစ်ကြောင်းသိရသည်။
“ ကျွန်တော်တို့ လူကို လူလို့ မြင်လို့ လူသားချင်းစာနာလို့ ဒီလို စစ်ဆန့်ကျင်ရေးတွေလုပ်တာကို မတရားတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချနေတာပေါ့။ သူတို့ပြောတဲ့ ပြည်သူ့အစိုးရ ဒီမိုကရေစီ လက်ထက်မှာ ဒီလိုမျိုးဖိနှိပ်နေတာမျိုးကတော့ ကျွန်တော်တို့ ဒီနိုင်ငံကြီးသည် ဒီမိုကရေစီ အစစ်မှန်မရရှိသေးဘူး။ ရွှေရည်စိမ်မှာ ပျော်မွေ့ မနေကြဖို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ကိုပိုင်ဖြိုးဇင် ကပြောဆိုသည်။
အဆိုပါ ကျောင်းသား ၂ဦးသည် စက်တင်ဘာလ ၁၁ရက်နေ့က ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပေါင်းတည်မြို့နယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် လက်ပံတန်း စက်မှုလက်မှု သိပ္ပံကျောင်းသားများသမဂ္ဂများ ဦးဆောင်က ပြုလုပ်ခဲ့သည့် စစ်ဆန့်ကျင်ရေး စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားများဖြစ်သော ကိုကျော်သီဟရဲကျော်၊ ကိုသက်မောင်မောင်၊ ကိုစိုးလှနိုင်၊ ကိုရဲရင့်အောင်၊ ကိုညီညီမင်းထက်ဝေ၊ ကိုသုတညီညီ၊ ကိုလှထွန်းအောင်၊ ကိုအောင်ခိုင်မင်း တို့ ၈ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ် ၅ဝ၅ (က)၊ ၅ဝ၅ (ခ)၊ ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ရဲအင်အားအလုံးအရင်းဖြင့် လုံခြုံရေးချကာ စက်တင်ဘာလ ၂၈ရက်နေ့တွင် ရုံးထုတ်ခဲ့ကြောင်း ဗကသများ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

https://www.facebook.com/khitthitnews/posts/1024084694695543?__cft__[0]=AZVQIQudGD7Uvmtb8HPzigAH5UIjAZ_xoLdIDjuXX-9G86IaVyVNBCgu2egzDatu5IDixTL4IWkMhqVDJ1WibQbwnkMuK0JthF3lsGf0BrgfNKalW0e8EWgS0KQAGK6FWlBDaMoWy8r8V1ue-94gIt__4FSgiIutY5b5_n7-2dOfB-wrfPcc_fpCeNfKK5Yy6mI&__tn__=%2CO%2CP-R

No comments:

Post a Comment