Tuesday, September 29, 2020

မြောက်ဦးမှ သုံးဘီးယာဉ်မောင်း ဦးအေးကျော် AA အဖွဲ့မှဖြစ်ပြီး သေနတ်လု၍ အဆုံးစီရင်ဟု တပ်သတင်းထုတ်ပြန်၊ ညှဉ်းပန်းနှိပ်စက်ဒဏ်ရာများဖြင့် သေဆုံး၍ ခမရ ၃၇၇ ကို အရေးယူရန် ANP ထုတ်ပြန်၊ မိသားစုက AA မဟုတ်ဟုပြော

 မြောက်ဦးမှ သုံးဘီးယာဉ်မောင်း ဦးအေးကျော် AA အဖွဲ့မှဖြစ်ပြီး သေနတ်လု၍ အဆုံးစီရင်ဟု တပ်သတင်းထုတ်ပြန်၊ ညှဉ်းပန်းနှိပ်စက်ဒဏ်ရာများဖြင့် သေဆုံး၍ ခမရ ၃၇၇ ကို အရေးယူရန် ANP ထုတ်ပြန်၊ မိသားစုက AA မဟုတ်ဟုပြော

ရန်ကုန်၊ စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်နေ ဦးအေးကျော် သုံးဘီးယာဉ် မောင်း သည် AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထားစဉ် သေနတ်လု၍ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း တပ်မတော်က ယနေ့ သတင်းထုတ်ပြန်သည်။
မြောက်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက် လုံခြုံရေးဆိုင်ရာရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်လျက်ရှိစဉ် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့မှ ဘောင်းဒွတ်ကျေးရွာဘက်သို့ အေးကျော် (၃၅)နှစ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ မြောက်ဦးမြို့နေသူမောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အားစစ်ဆေးရာ အေးကျော်၏လက်ကိုင်ဖုန်းအတွင်းမှ AA မှ အချက်အလက်များနှင့် ဆက်သွယ်ထားမှုများအား တွေ့ရှိရသဖြင့် ထိန်းသိမ်း၍ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပဏာမစစ်ဆေးချက်အရ AA-၃၂၅၆ တပ်ကြပ်ကြီးအဆင့်ရှိသူ အေးကျော်ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ မြောက်ဦးမြို့နယ်အတွင်း မြောက်ဦးတပ်နယ်မှ စစ်သည် ၁ ဦးဈေးဝယ်စဉ် ဖမ်းဆီးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း တပ်နယ်မိသားစုမှအရပ်သား လူငယ် ၂ ဦးဖမ်းဆီးခြင်းအား ၎င်းဦးဆောင်၍ ဆောင်ရွက်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
AA အဖွဲ့မှ အေးကျော်သည် စက်တင်ဘာ ၂၈ ရက်နေ့ နံနက်စာကျွေးမွေးရန်ဆောင်ရွက်စဉ် စစ်ကြောရေးအဖွဲ့ဝင်၏ ပစ္စတို သေနတ်အားလုယူ၍ မိမိကိုယ်ကိုပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အေးကျော် ၏ အလောင်းအား မြောက်ဦးမြို့နယ်ရဲစခန်းသို့အပ်နှံ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင်မူ ဦးအေးကျော်သည် သုံးဘီးဆိုင်ကယ်မောင်းနှင်၍ လုပ်ကိုင်စားသောက်နေသူဖြစ်ပြီး ခမရ ၃၇၇ တပ်ရင်းရှေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ နှိပ်စက်ညှဉ်းပမ်းထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်၍ ခမရ ၃၇၇ တပ်ရင်းက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ အမြန်ဆုံးအရေးယူပေးရန် တောင်းဆိုကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်သည်။
“ သူကရိုးရိုးသား သုံးဘီးကလေးမောင်းပြီး စားနေတာလို့ ကျွန်တော်ကတော့ အဲလိုပြောချင်ပါတယ်။ကိုယ့်ကိုကို အဆုံးစီရင်တာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုသတ်ပါ့မလား။ ကိုယ့်အသက်ကိုယ်လေ။ ကျွန်တော်တို့ဒါကို မြင်လည်း မမြင်ရပါဘူး။ တွေ့လည်းမတွေ့ရပါဘူး။ သူ့ကို ၃၇၇ ဂိတ်ကနေပြီးတော့ ဖမ်းယူခေါ်ဆောင်သွားတယ်ဆိုတော့ အဲဒီနေ့က ကျွန်တော်တို့တွေ့ဖို့သွားတော့ တွေ့ခွင့်လည်းမရပါဘူး။ တွေ့ခွင့်မရတဲ့အပြင် အဲဒီတပ်က မဖမ်းဘူး။ မခေါ်ဘူးလို့ပဲ အဲဒီလိုပဲ ပြောလိုက်ပါတယ်” ဟု သေဆုံးသူ ဦးအေးကျော်၏ ယောက္ခထီးဖြစ်သူ ဦးမောင်နုကပြောဆိုသည်။
သေဆုံးသူ ဦးအေးကျော်သည် မိသားစုအား သုံးဘီဆိုင်ကယ်မောင်း၍ အလုပ်လုပ်ကိုင်ကျွေးမွေးနေသည်မှာ ၁နှစ်ကျော်ခဲ့ရှိပြီးဖြစ်ပြီး ထိုသို့ သုံးဘီးဆိုင်ကယ် မမောင်းခင်က ဘေးတွဲဆိုင်ကယ်မောင်းနေသည်မှာ ၆နှစ် ၇နှစ်မောင်းကာ မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

https://www.facebook.com/khitthitnews/posts/1023895774714435?__cft__[0]=AZUDw5DjBM0nC2jE1vsz2dPJsQF0o-0JCUEa9pysvbXaHwmMVgcLg_yDbBPMmHgjwgkk-ieIQ0ReWJ7OsB-41BtZ3blwWWgsP9oWP0wP6eRiE_60ZfvxFMthM4396zLKK14n_LTTU7frgpgczB14wUncLBXC5eroYwPmWAa_Gx7VQoOcWUbBf99jPRfWOKzVMpQ&__tn__=%2CO%2CP-R


No comments:

Post a Comment