အင်တာနက်အသုံးပြုနိုင်ရေး ၂ မိုင်ခန့်ဝေးသောနေရာထိ မင်းပြားမြို့ဒေသခံတို့ သွားရောက်နေကြရ
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ စက်တင်ဘာ ၂၉ / ၂ဝ၂ဝ
မင်းပြားမြို့ ဒေသခံများသည် အင်တာနက် အသုံးပြုနိုင်ရန် အတွက် မြို့နှင့် ၂ မိုင်ခန့် ကွာဝေးသော နေရာ တစ်ခုထိ သွားရောက်ပြီး အသုံးပြုနေရသည်ဟု သတင်းရရှိသည်။
၎င်းနေရာမှာ ပေါက်တော- မင်းပြား ကားလမ်းဘေးတွင်တည်ရှိသော ကျားရေပြင်ကျေးရွာ အနီးနေရာ ဖြစ်ကြောင်း မင်းပြားဒေသခံများက ပြောသည်။
မင်းပြားမြို့နယ်တွင် အင်တာနက် 2G ( E) အဆင့်သာရရှိပြီး ပေါက်တောမြို့နယ်တွင် 4G အဆင့်ထိ ရရှိသဖြင့် ပေါက်တောမြို့နယ်အနားထိ ဆိုင်ကယ်များဖြင့် လာရောက်ပြီး အင်တာနက် အသုံးပြုရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
မင်းပြားမြို့ ဒေသခံ မခင်နန်းက “ မြို့ထဲမှာက လိုင်းမရဘူး။ 2G နဲ့ သုံးစားလို့တောင်မှ မရဘူး။ အခုလိုင်းသုံးဖို့ သွားတဲ့ နေရာဆိုရင်လည်း ဆိုင်ကယ်နှင့် နာရီဝက်လောက်သွားရတယ်။ အခုက ကိုဗစ်ကလည်းဖြစ်နေပေမယ့် ကျမတို့ဖက်မှာ ဘာသတင်းအချက်အလက်မှလည်း မသိရဘူး။ ကြော်ငြာ ဆိုင်းဘုတ်တွေလည်း မရှိဘူး။ ဒါကြောင့် ကျမတို့က သတင်းအချက်အလက်တွေကို သိရှိရဖို့အတွက်နဲ့ တစ်ခြား သိချင်တဲ့ အကြောင်းအရာ တွေရှိရင် အဲဒီနေရာအထိ အင်တာနက် သွားသုံးရတာဖြစ်တယ်။ ကျမတို့လို့ လူငယ်ပိုင်းတွေ သာမက လူကြီးပိုင်းတွေလည်း သတင်းကြည့်ဖို့အတွက် လိုင်းသုံးဖို့ ရောက်လာတာတွေရှိတယ်” ဟုပြောသည်။
မင်းပြားမြို့မှ ဒေသခံများမှာ ယခုလက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကိစ္စနှင့် ပတ်သက်၍ သတင်းအချက်များ သိရှိလိုခြင်း၊ တခြား အကြောင်းအရာကိစ္စများအား သိရှိစေရန်အတွက် ၎င်းနေရာအထိ သွားပြီး အင်တာနက် အသုံးပြုနေရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
အင်တာနက်လိုင်းသုံးခွင့်ရရှိရန်အတွက် ကျားရေပြင်ရွာဖက်သို့သွားသည့် လမ်းတစ်နေရာတွင် မြန်မာ့တပ်မတော် တပ်စခန်းတစ်ခုကို ဖြတ်လျှောက်ပြီးသွားနေရသဖြင့် တစ်စုံတစ်ခု ပြဿနာဖြစ်မည်ကိုလည်း စိုးရိမ်နေရကြောင်း မြို့ခံများက ပြောဆိုကြသည်။
မင်းပြားဒေသခံတစ်ဦးဖြစ်သူ ကိုကျော်သန်းက “ အခုဆိုရင် ကျနော်တို့မြန်မာနိုင်ငံမှာ ကိုဗစ်ကလည်း တကျော့ပြန်ဖြစ်နေတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင် စစ်ကိုရော၊ ကိုဗစ်ကိုရော နှစ်ခုစလုံးကို ရင်ဆိုင်နေရတယ်။ ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာ သိသင့်၊ သိထိုက်တဲ့ သတင်းအချက်အလက်တွေကို သိရှိအောင် အတွက် အဲဒီနေရာအထိ သွားပြီးတော့ လိုင်းသုံးရတာဖြစ်တယ်။ နေသာတဲ့နေ့တွေဆိုရင် လူဦးရေ ၁ဝဝ နီးပါးလောက်တော့ သွားကြမယ်ထင်တယ်။ မိုးရွာတဲ့နေတွေဆိုရင်တော့ သွားလို့မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာ မိုးခိုစရာတွေမရှိတဲ့အတွက် ကျနော်တို့ မသွားဘူး” ဟုပြောသည်။
အလားတူ ကျောက်တော်မြို့ပေါ်တွင်လည်း ပြီးခဲ့သော ရက်ပိုင်းမှစ၍ ကိုဗစ်- ၁၉ သတင်း အချက်အလက် များကို သိရှိရန်အတွက် မြို့ပေါ်တွင် လူစည်ကားသော နေရာများဖြစ်သော နေရာ ၇ ခုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို ဗွီနိုင်းများဖြင့်ကပ်ပေးထားကြောင်း သိရှိရသည်။
စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ်၈ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့အား ပြီးခဲ့သော ၂ဝ၁၉ ဇွန်လ ၂၁ ရက်နေ့မှစ၍ အင်တင်နက်လိုင်းများကို ပိတ်ထားခဲ့ရာ ၂ဝ၁၉ သြဂုတ်လ ၃၁ ရက်နေ့တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့အား ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ၂ဝ၂ဝ ခုနှစ် ဖေဖော်ဝါရီလတွင် ထပ်မံပိတ်ထားခဲ့သည်။
၎င်းအပြင် ၂ဝ၂ဝ ခုနှစ် မေလ ၃ ရက်နေ့တွင် အင်တာနက်ပိတ်ထားခြင်းခံရသော မြို့နယ်များမှ မောင်တောမြို့နယ်တစ်ခုတည်းကိုသာ အင်တာနက် ပြန်လည်ဖွင့်ပေးခဲ့သည်။
မောင်တောမြို့အား အင်တာနက်ဖွင့်ပေးပြီးနောက် ၃ လအကြာ ၂ဝ၂ဝ သြဂုတ်လ ၂ ရက်နေ့တွင် ကျန်မြို့နယ်များအား အင်တာနက်လိုင်း 2G အဆင့် ပြန်လည်ဖွင့်ပေးခဲ့သည်။ 2G အဆင့်မှာ သုံးစားမရသဖြင့် ဒေသခံများမှာ အင်တာနက်မှ သတင်းအချက်အလက်များကို မသိရှိကြရဟုဆိုသည်။
Photo by LAY MRO -Minbya CJ News
------------------------------
Unicode -
နိရဉ်စရာ၊ စကျတငျဘာ ၂၉ / ၂ဝ၂ဝ
Photo by LAY MRO -Minbya CJ News
https://burmese.narinjara.com/.../5f72f76240b9274e52923a9...
https://www.facebook.com/narinjara.info/posts/3649197028425681
No comments:
Post a Comment