Monday, September 28, 2020

သုံးဘီးမောင်းသူဖမ်းဆီးထားစဉ်သေဆုံးမှုအတွက် မြောက်ဦး ၃၇၇ တပ်ရင်းမှ ကျူးလွန်သူများကိုအရေးယူရန် ANP တောင်းဆို၊ သေဆုံးသူမှာ AA တပ်ကြပ်ကြီးဖြစ်ပြီး သေနတ်လုအဆုံးစီရင်ဟု တပ်မတော်က သတင်းထုတ်ပြန်

 သုံးဘီးမောင်းသူဖမ်းဆီးထားစဉ်သေဆုံးမှုအတွက် မြောက်ဦး ၃၇၇ တပ်ရင်းမှ ကျူးလွန်သူများကိုအရေးယူရန် ANP တောင်းဆို၊ သေဆုံးသူမှာ AA တပ်ကြပ်ကြီးဖြစ်ပြီး သေနတ်လုအဆုံးစီရင်ဟု တပ်မတော်က သတင်းထုတ်ပြန်

ဆောင်းဇာခြည်

နိရဉ္စရာ၊ စက်တင်ဘာ ၂၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ သုံးဘီးဒရိုင်ဘာတစ်ဦး စစ်တပ်က ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ( ANP) က ကျူးလွန်သူများကို အရေးယူရန် တောင်းဆိုလိုက်ပြီး တပ်မတော် သတင်းမှန်ပြန်ရေးအဖွဲ့မှ သေဆုံးသူမှာ AA တပ်ဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦးဖြစ်ပြီး စစ်ဆေးနေစဉ် သေနတ်လုကာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

ရခိုင်အမျိုးသားပါတီ (ANP)၏ ယနေ့ နေ့စွဲဖြင့် သဘောထားထုတ်ပြန်ချက်ထဲတွင် မြောက်ဦးမြို့၊ မြို့သစ် ရပ်ကွက်မှ သုံးဘီးဒရိုင်ဘာ ဦးအေးကျော် (ဘ) ဦးသာလှအောင် (၃၈) နှစ် စစ်တပ်က ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခဲ့သည့် မြောက်ဦးမြို့ အခြေစိုက် ခမရ (၃၇၇) တပ်ရင်းမှ ကျူးလွန်သူများကို အရေးယူရန် တောင်းဆိုထားသည်။

ဦးအေးကျော်သည် လက်ကျိုးနေသည့် ဒေါ်ခိုင်စံနု အသက် (၇၆) နှစ်အား တိုင်းရင်းဆေးဝါးဖြင့် ကုသရန် အတွက် ၃ ရက်လျှင် တစ်ကြိမ်ကျစီ မြောက်ဦးမြို့မှ နဒင်ရွာသို့ သူ၏ သုံးဘီးဖြင့် ပို့ဆောင်ပေးနေခဲ့ရာမှ ၅ ကြိမ်မြောက်နေ့ဖြစ်သော စက်တင်ဘာ ၂၇ ရက် နံနက် ၈ နာရီ ၃ဝ မိနစ်ခန့်တွင် မြောက်ဦးမြို့ အခြေစိုက် ခရမ (၃၇၇) တပ်ရင်းရှေ့၌ ဖမ်းဆီးခံခဲ့ရခြင်းပြီး  စက်တင်ဘာ ၂၈ ရက် နေ့တွင် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက် မှုများကြောင့် ဒဏ်ရာများစွာ ရရှိကာ သေဆုံးသွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

အပြစ်မဲ့အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကျူးလွန်နေသော ကိစ္စရပ်များအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ လိပ်မှု၍ ရခိုင်အမျိုးသားပါတီမှ အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်မှု မရရှိခဲ့သည့်အပြင် အလားတူဖမ်းဆီးညှဉ်းပမ်း သေဆုံးရသော ဖြစ်ရပ်များသာ ဆက်လက် ကြုံတွေ့နေရဆဲဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြသည်။

၎င်းအပြင် မြောက်ဦးမြို့ အခြေစိုက် ခမရ (၃၃၇) တပ်ရင်းမှ စက်တင်ဘာ ၂၇ ရက် နေ့က ကျူးလွန်ခဲ့သော ရာဇဝတ်မှုအား တည်ဆဲဥပဒေအရ အမြန်ဆုံးအရေးယူပေးရန် ရခိုင်အမျိုးသားပါတီမှ လေးလေးနက်နက် တောင်းဆိုအပ်ပါကြောင်း ANP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြတောင်းဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) မှ ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဒေါ်အေးနုစိန်၊ ဦးခိုင်ပြည်စိုးနှင့် အောင်မြကျော်တို့အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

အဆိုပါ ဦးအေးကျော် သေဆုံးမှု ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ နေ့လယ်ပိုင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော် ထုတ်ပြန်ချက်တွင် “မြောက်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၇ ရက် လုံခြုံရေးဆိုင်ရာ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိစဉ် နံနက် ၈ နာရီခန့်တွင် မြောက်ဦးမြို့မှ ဘောင်းဒွတ်ကျေးရွာဘက်သို့ အေးကျော် (၃၅) နှစ် အောင်မင်္ဂလာရပ်ကွက် မြောက်ဦးမြို့နေသူ မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်အားစစ်ဆေးရာ အေးကျော်၏ လက်ကိုင်ဖုန်း အတွင်းမှ အေအေများ၏ အချက်အလက်များနှင့် ဆက်သွယ်ထားမှုများအား တွေ့ရှိရသဖြင့် ထိန်းသိမ်း၍ လိုအပ်သည့် စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပဏာမစစ်ဆေးချက်အရ အေအေအဖွဲ့မှ AA-၃၂၅၆ တပ်ကြပ်ကြီး အဆင့်ရှိသူ အေးကျော်ဖြစ်ကြောင်း၊ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ၌ မြောက်ဦးမြို့နယ်အတွင်း မြောက်ဦးတပ်နယ်မှ စစ်သည် ၁ ဦးဈေးဝယ်စဉ် ဖမ်းဆီးခြင်းနှင့် ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လအတွင်း တပ်နယ်မိသားစုမှ အရပ်သားလူငယ် ၂ ဦးဖမ်းဆီးခြင်းအား ၎င်းဦးဆောင်၍ ဆောင်ရွက်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း” ဟု ရေးသားဖော်ပြထားသည်။

ဦးအေးကျော်အား တပ်မတော်က ထိန်းသိမ်းထားစဉ်အတွင်း စက်တင်ဘာ ၂၈ ရက်နေ့ နံနက်စာကျွေးမွေးရန် ဆောင်ရွက်စဉ် စစ်ကြောရေး အဖွဲ့ဝင်၏ ပစ္စတို သေနတ်အား လုယူ၍ မိမိကိုယ်ကို ပစ်ခတ်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ၎င်းအလောင်းအား မြို့နယ်ရဲစခန်းသို့ အပ်နှံပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်ရှိကြောင်း  ရေးသားဖော်ပြထားသည်။

မိသားစုဝင်များက မြောက်ဦးဆေးရုံသို့ ရောက်ရှိလာသည့် ဦးအေးကျော်၏ အလောင်းတွင် ညာဘက် နားရွက်အပေါ်တွင် သေနတ်ဒဏ်ရာတစ်ခု၊ လက်ကိုကြိုးဖြင့် တုတ်ချည်ထားသည့် ဒဏ်ရာများနှင့် ဘယ်ဘက်ခြေတွင် ဝါယာလျှော့ဖြင့် တိုက်ထားသည့် ညိုမဲအကွင်းဒဏ်ရာများပါရှိကြောင်း ပြောကြားသည်။

ဦးအေးကျော်၏ ယောက်ခမတော်စပ်သူ ဦးမောင်လုံးက “သူက ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာ။ အေအေနဲ့ပတ်သက်တာလည်း တစ်ခါမှ မကြားဖူးဘူး။ ရှိလည်း မရှိခဲ့ဘူး။ သူ့ဟာသူ သုံးဘီးမောင်းစားနေတာပါ။” ဟု နိရဉ္စရာသို့ ပြောသည်။

---------------------------------

Unicode -



နိရဉ်စရာ၊ စကျတငျဘာ ၂၉/ ၂ဝ၂ဝ












https://burmese.narinjara.com/.../5f72edd040b9274e52923a9...


https://www.facebook.com/narinjara.info/posts/3649092031769514

No comments:

Post a Comment