Wednesday, September 30, 2020

တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်အပေါ် အမြင် သဘောထားများ

 တိုက်ခိုက်မှုတွေ ရပ်စဲထားတဲ့ကာလ နောက်ထပ် ၁ လ သက်တမ်းတိုးလိုက်ကြောင်း တပ်မတော်က ဒီတပတ်ထဲမှာပဲ ကြေညာလိုက်ပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်နိုင်မယ့် အခြေအနေ ရှိရဲ့လားဆိုတာကို ပြောပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ပြောပြပါမယ်။

အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် တရားဝင် သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာ နယ်မြေကလွဲလို့ ကျန်နေရာတွေမှာ အပစ်အခတ်ရပ်စဲရေး နောက်ထပ် ၁ လ သက်တမ်းတိုးမယ့်အကြောင်း အင်္ဂါနေ့တုန်းက တပ်မတော်က ကြေညာခဲ့တာပါ။ ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာ ကမ္ဘာတဝန်း တိုက်ခိုက်မှုတွေရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို တုံ့ပြန်တဲ့ အနေနဲ့ မေလကစပြီး တပ်မတော်က အပစ်အခတ် ရပ်စဲထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA လှုပ်ရှားရာ နယ်မြေမှာတော့ တိုက်ခိုက်မှုတွေ ရပ်စဲနိုင်မှာ မဟုတ်တဲ့အပေါ်မှာတော့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက အခုလို ပြောပါတယ်။

“မြန်မာအစိုးရနဲ့မြန်မာစစ်တပ်ဟာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးရဲ့ Global Ceasefire ကို သူတို့မလိုက်နာ ဘူးဆိုတာကို ဒါအတိအလင်းဖေါ်ပြတာဘဲ။ မြန်မာစစ်တပ်မှာ ငြိမ်းချမ်းရေး ရချင်တဲ့စိတ်ဆန္ဒမရှိဘူးဆိုတာကို ဖေါ်ပြနေ တာဖြစ်တယ်။ တဖက်မှာ အပစ်ခတ်ရပ်စဲထားပြီးတော့ နောက်တဖက်ကို ဖိတိုက်မယ်ဆိုတဲ့မူဝါဒကို ဆက်ပြီးတော့ အကောင်အထည်ဖေါ်နေတာ ဆိုတာ ပိုပြီးတော့ ထင်ရှားတာပေါ့နော်။”

AA အဖွဲ့အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဘက်ကလည်း တဘက်သတ်အပစ်ရပ်ဖို့ ကြေညာတာတွေ ရှိပေမဲ့ တိုက်ခိုက်လာမယ် ဆိုရင်တော့ ခုခံစစ်အဖြစ် တုံ့ပြန်မှာဖြစ်ကြောင်း ပြောဆိုထားပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် TNLA တအာင်းပလောင်တပ်ဖွဲ့ ပြောခွင့်ရဗိုလ်မှူးတာအိုက်ကျော်ကလည်း တပ်မတော်ရဲ့ တဘက်သတ် အပစ်ရပ် ကြေညာချက်အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

“တပ်ဖက်ကကျွန်တော်တို့ရှိတဲ့နေရာကို ထိုးစစ်ဆင်လာတဲ့ အတွက်တိုက်ပွဲဖြစ်ပွါးရတာဖြစ်တယ်။ ကျွန်တော် တို့သက်တမ်းတိုးထားပေမဲ့လဲ လုံးဝတိုက်ပွဲရပ်နိုင်တဲ့အဆင့်ကမရှိ ဘူး။”

တဘက်သတ် အပစ်အခတ် ရပ်စဲရေးကြေညာတာတွေ ရှိနေပေမဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့ ဆိုရင်တော့ အားလုံးကို လွှမ်းခြုံတဲ့ ကြေညာချက်မျိုးဖြစ်ဖို့ လိုမယ်လို့လည်း မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှုးက ပြောပါတယ်။

“အဓိကတော့ တပ်မတော်ရဲ့ပေါ်လစီပေါ့နော်။ သူတို့ပေါ်လစီအပေါ်အခြေခံပြီးသူတို့ထုတ်ပြန်တယ်။ ဒါပေမဲ့ ဒီလို ပေါ်လစီ နဲ့ ဆိုရင်တော့ ရေရှည်တည်တန့်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရဖို့ဟာမလွယ်ပါဘူး။”

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ တအာင်း ပလောင်TNLAအဖွဲ့ ကိုးကန့်တပ်ဖွဲ့တို့နဲ့ စစ်ရေးတင်းမာ နေဆဲဖြစ်သလို KNU ကရင်အမျိုးသားအစည်းအရုံး ဖါးပွန်ခရိုင်ဖက်မှာလဲ မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ အပြန်အလှန် အပစ်ရပ်ထုတ်ပြန်နေယုံနဲ့မပြီးဘဲ နားလည်မှု ယူနိုင်ဖို့ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်နေတယ်လို့ သုံးသပ်ပါတယ်။

“တကယ်တန်းအဲဒီ အပြန်အလှန်ကြေညာချက်တွေထုတ်နေတာဟာ လက်တွေ့ မှာ အပစိခတ်ရပ်စဲရေးကို ဘာမှသက်ရောက်မှုမရှိပါဘူး။ လက်တွေ့မှာ အပစ်ခတ်ရပ်စဲရေးလုပ်ချင်လို့ရှိရင် တပ်နေရာချ ထားရေးအပါအဝင် လက်ငင်းမြေပြင်တပ်တွေ ရှိနေတဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ နှစ်ဘက်တပ်ဖက် ဆိုင်ရာ ခေါင်း ဆောင်တွေတွေ့ဆုံပြီးတော့ ဆွေးနွေးပြီး တော့ ဖြေရှင်းမှဘဲရမယ်။”

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်စဲထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို မြန်မာနိုင်ငံ အခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းခဲ့ကြတာပါ။ ဒါပေမဲ့လည်း ကပ်ရောဂါ တကျော့ပြန်စတင်ခဲ့တဲ့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

https://burmese.voanews.com/a/myanmar-military-cease-fire-/5603778.html

No comments:

Post a Comment