Tuesday, September 1, 2020

ပုဏ္ဏားကျွန်းမှ ဆန်စက်ပိုင်ရှင်ကို AAအတွက် ဆန်အိတ်များ သိုလှောင်သည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီး

ပုဏ္ဏားကျွန်းမှ ဆန်စက်ပိုင်ရှင်ကို AAအတွက် ဆန်အိတ်များ သိုလှောင်သည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီး
ရန်ကုန်၊ စက်တင်ဘာ ၁
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်ကို AA အတွက် ဆန်အိတ်များ သိုလှောင်သည်ဟုဆိုကာ ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူမှာ စပါးထားကျေးရွာသား ဆန်စက်ပိုင်ရှင်ဖြစ်သော ဦးရဲကျော်ထွန်း ဆိုသူဖြစ်ပြီး သြဂုတ်လ ၃၁ရက် ညနေ ၆နာရီခန့်တွင် တပ်မတော်ကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောဆိုသည်။
“ ၆နာရီကျော်ကျော်လောက်မှာ ပိုင်ရှင်ကို ခေါ်သွားတယ်။ ၈နာရီလောက်မှ အကုန်လုံးပြီးတယ်ထင်တယ်။ ဆန်အိတ်တွေကို သိမ်းသွားတယ်လို့တော့ ရွာသားတွေပြောတာကြားတယ်။ ဘာကြောင့်သိမ်းထားတာလဲပေါ့။ တရားရုံးရောက်ရင် အဖြေမှန်ပေါ်မှာပေါ့။ တရားရုံးက မဆုံးဖြတ်သမျှ အမှန်မဟုတ်သေးဘူးပေါ့။ သံသယပေါ့။ ဒါမျိုးတွေ စွပ်စွဲတဲ့သဘောပဲပေါ့။ သူက အဲရွာက ဆန်စက်ပိုင်ရှင်ပါပဲ ” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စပါးထားကျေးရွာသားတစ်ဦးကလည်း AA အတွက် ရိက္ခာ သိုလှောင်ထားသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဆန်အိတ် ၇ဝကျော်ကို တပ်မတော်က ယူဆောင်သွားကြောင်းပြောဆိုသည်။
“ ဖမ်းတာကတော့ မနေ့ဖမ်းတာပဲ ဆန်အိတ်တွေကို AA အတွက် ရိက္ခာအဖြစ် သိုလှောင်ထားတယ်ဆိုပြီးတော့ ဖမ်းသွားတာ ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူး။ သတင်းတွေပြန်ကြားရတာပေါ့။ ဆန်အိတ်တွေကိုလည်း ယူဆောင်သွားတယ်လို့သိရတယ်” ဟု စပါးထားကျေးရွာသားတစ်ဦးက ပြောဆိုသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ (စက်တင်ဘာလ ၁ရက်နေ့) တွင် အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာတွင် AA ရိက္ခာအတွက် သိုလှောင်ထားသော ဆန်အိတ် ၈ဝကိုဖမ်းဆီးရမိပြီး ဦးရဲကျော်ထွန်းနှင့် ဆန်အိတ်များအား စစ်တွေမြို့သို့ ပို့ဆောင်ကာ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။
“ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် စပါးထားကျေးရွာအတွင်း လုံခြုံရေးဆိုင်ရာစစ်ဆေးမှုများဆောင်ရွက်စဉ် ဦးရဲကျော်ထွန်း၊ (ဘ)ဦးမောင်စောအောင်၏ နေအိမ်၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရိက္ခာအတွက် သိုလှောင်ထားသည့် ဆန်အိတ် ၈၀ အား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူနှင့် ဆန်အိတ်များအား စစ်တွေမြို့သို့ဆက်လက်ပို့ဆောင်၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

https://www.facebook.com/khitthitnews/posts/1000575990379747?__cft__[0]=AZUXPgyoLJ0zvEzdYeQuQiqAfItUTmH_ZRZSrc2sihx6HZ44pbxxJ5c7tdPy2-hqRV7d8ZNtTYn7dWfsZF4WvOfCQ_3kFoHJ5qbvpY6HZpN1JZB-T7ITzEcHtM8kakwXBJp88wVpEekWGsA5AFGYKR-q7KBVF5bxzhPhNtzlWCBFmw&__tn__=%2CO%2CP-R

No comments:

Post a Comment