Tuesday, September 1, 2020

RCSS နယ်မြေတွင် ရွေးကောက်ပွဲစည်းရုံးရေးလုပ်ငန်းများ အကြောင်းကြားရန် လိုမည်

RCSS နယ်မြေတွင် ရွေးကောက်ပွဲစည်းရုံးရေးလုပ်ငန်းများ အကြောင်းကြားရန် လိုမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
၂၀၂၀ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS အုပ်ချုပ်ရေး နယ်မြေများတွင် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်မည်ဆိုပါက ကြိုတင် အကြောင်း ကြားရန်လိုသည်ဟု RCSS က ပြောသည်။
RCSS ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး စိုင်းအုမ်ခေး က “အကြောင်းကြားမှုရယ် ညှိနှိုင်းမှုရယ်၊ နားလည် မှုရယ် အဲလိုမျိုး ရယူဖို့က ဘာဖြစ်လို့လဲ ဆိုတော့ RCSS ထိန်းချုပ်တဲ့ နယ်မြေထဲမှာ ခပ်များများက အချိန် မရွေး စစ်ရေးအခြေအနေက တင်းမာလာနိုင်တယ်။ အဲဒါကြောင့်မို့လို့ သက်ဆိုင်တဲ့ ပါတီတွေ စည်းရုံးရေး ဆင်းတဲ့နေရာမှာ အန္တရာယ် ကင်းကင်းနဲ့ လျောလျော ရှူရှူ ဖြစ်စေဖို့အတွက်နဲ့ လိုအပ်တဲ့ နေရာတွေလည်း လုံခြုံရေး ပေးသင့်လည်း ပေးနိုင်တဲ့ ရည်ရွယ်ချက်နဲ့ အဲလိုမျိုးသဘောပေါ့နော်” ဟု ပြောသည်။
သက်ဆိုင်ရာ နိုင်ငံရေး ပါတီများအနေဖြင့် RCSS ၏ ဆက်ဆံရေးရုံးများနှင့် နယ်မြေခံ အုပ်ချုပ်ရေး ဆိုင်ရာ တာဝန်ရှိသူများကို အကြောင်းကြား ပြီးမှသာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နိုင်သည် ဟု RCSS ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နိုင်ငံရေး ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မည့် ကိစ္စရပ်များကို အကြောင်း မကြားပဲ လွတ် လပ်စွာ လုပ်ဆောင်နိုင်သော်လည်း နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာမည့် စစ်ရေး ပဋိပက္ခများကြားတွင် နစ်နာမည်ကို စိုးရိမ်သည့်အတွက် အကြောင်းကြားပြီးမှ မဲဆွယ်စည်းရုံးရေးကို လုပ် ဆောင်ရန် RCSS က တိုက်တွန်းသည်။
ဒု-ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက “အကြောင်းမကြားတာမျိုးရှိခဲ့ရင် RCSS အနေနဲ့ အရေးယူတာတော့ မရှိပါ ဘူးနော်။ ဒါပေမယ့် တစ်ခုခု တစ်မျိုးမျိုးကြောင့် စစ်ရေး အခြေအနေကြောင့် သူတို့ကို တစ်ခုခု ပြဿနာ ဖြစ်လာခဲ့ရင် တာဝန်မကင်းဘူး ဆိုတဲ့ သဘောမျိုးနဲ့ အဲလိုကြောင့်ပဲ” ဟု ပြောသည်။
“ဘယ်လိုခေါ်မလဲ အဲလိုမျိုးက မကောင်းဘူးပေါ့နော်။ နားလည်မှု မရယူပဲနဲ့ ဆင်းလို့ရှိရင် ပါတီကလည်း ပါတီတစ်ခုတည်း မဟုတ်ဘူးလေ အဲဒါကြောင့်မို့လို့ ဆွေးနွေးမှု အကြောင်းကြားမှုတွေ ရယူပြီးမှ ဆင်းတာ အဲဒါအကောင်းဆုံးအဲလိုပေါ့။”
ထို့အပြင် တရားဝင်နိုင်ငံရေးပါတီများသည် RCSS အုပ်ချုပ်ရေး နယ်မြေဒေသအတွင်း လာရောက် မဲဆွယ် ရာတွင် ရှမ်းပြည်အရေး ပြည်ထောင်စု အရေးကို ဦးထိပ်ထား၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်များ၊ အမိန့် ညွှန်ကြားချက်များ ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲ ဥပဒေများ၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကျမ်းမာရေး လမ်းညွှန်ချက်များနှင့် အညီ လွတ်လပ်စွာ မဲဆွယ်ခြင်းများ ကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်ဟု ဒု-ဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေး အတွက် RCSS အနေဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီပေးသကဲ့သို့ လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲကြီး တွင်လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် လိုအပ်သည့် ဆောင်ရွက်မှုများကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည် ဟု RCSS က ဆိုသည်။
RCSS လှုပ်ရှားရာ ဒေသများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်၊ နမ့်ဆမ် ဒေသများအပြင် ရှမ်းပြည် နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်နှင့်၊ နမ့်ခမ်းမြို့နယ်ရှိ ဒေသများဖြစ်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကိုလက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ် သည်။
အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသော်လည်း RCSS အနေဖြင့် တပ်မတော် အပါအဝင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ နှင့်လည်း ရံဖန်ရံခါ တိုက်ပွဲများ၊ ထိတွေ့ မှုများ ဖြစ်ပွားလျှက်ရှိ သည်။
http://www.nmg-news.com/2020/09/02/11943

No comments:

Post a Comment