ရခိုင်ပြည်နယ်၌ ရိက္ခာလုံးဝမပြတ်စေရန် အာမခံဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
လက်ရှိရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုများအများဆုံးဖြစ်နေသော်လည်း ရိက္ခာလုံးဝမပြတ်စေရန် အာမခံကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းကပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်ကုသရေးနှင့်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်၊ အင်းစိန်မြို့မှ စစ်တွေမြို့သို့ရောက်ရှိနေသည့် Volunteer စောသော်မိုးအယ်တို့၏ အွန်လိုင်းမှအပြန်အလှန်ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရိက္ခာကတော့မပြတ်စေရပါဘူး။ ကျွန်မအနေနဲ့ ပြည်ထောင်စုအစိုးရ ကိုယ်စား ရဲရဲကြီး ပြောနိုင်ပါတယ်။ လိုအပ်တဲ့ရိက္ခာတွေကို ရတဲ့နည်းနဲ့ဖြစ်အောင်ပို့ပေးမှာပါ။ သက်ဆိုင်ရာ တခြားတိုင်းတွေကလည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ယုံကြည်ပါတယ်။ ငွေရေး ကြေးရေးလည်း လိုသမျှပံပိုးပါ့မယ်။ ကျွန်မတို့လိုအပ်တဲ့ ပြည်ထောင်စုရဲ့ လိုအပ်ချက်တဲ့ အစိတ်အပိုင်းကိုထောက်ပံ့ပါတယ်။ ပြည့်ပြည့်စုံစုံထောက်ပံ့ပါတယ်။ ဝိုင်းဝန်းပြီး ပံ့ပိုးကြမယ်လို့ ယုံကြည်ပါတယ်။ ဒီနိုင်ငံကမချမ်းသာဘူးဆိုပေမယ့် ကျွန်မတို့ပြည်သူတွေက ရက်ရောကြပါတယ်။ ပြည်သူတွေကအရေးကြီးရင် သွေးစည်းကြတဲ့အတွက် ငွေရေးကြေးရေးကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။
ရခိုင်အတွက် ပြည်ထောင်စု ပြည်ထောင်စုအတွက် ရခိုင်ဟူသည့် စိတ်ဓာတ်နှင့် အားလုံးလုပ်ကြရန် အင်မတန်အရေးကြီးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားခဲ့သည်။
“အခုချိန်မှာ COVID ကို ထိန်းချုပ်နိုင်အောင်လုပ်တဲ့နေရာမှာ တစ်ဦးပေါ်တစ်ဦး စေတနာထားတယ်ဆိုတာပြဖို့ လိုပါတယ်။ ဘယ်သူတွေကနေ ကျွန်မတို့ပြည်ထောင်စုသားတွေရဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံးကို ဘယ်သူတွေက စေတနာနဲ့ ကူညီလဲ။ တကယ့်ကို ပြည်သူတွေရဲ့အကျိုးကျေးဇူးကိုကြည့်သလဲ။ ကိုယ့်အကျိုးကိုကြည့်သလဲ။ အဖွဲ့အစည်းအကျိုးကိုကြည့်တဲ့သူတွေရှိပါတယ်။ ရခိုင်အတွက် ပြည်ထောင်စု ပြည်ထောင်စုအတွက် ရခိုင်ဆိုတဲ့ စိတ်ဓာတ်နဲ့ အားလုံးလုပ်ဖို့က အင်မတန်မှအရေးကြီးပါတယ်”ဟု ပြောသည်။
ယခုလက်ရှိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၃၅ ဦး အထိရှိနေပြီး ပြည်တွင်းကူးစက်မှုပြန်လည်ဖြစ်ပေါ်သည့် သြဂုတ် ၁၆ ရက်မှ ယနေ့အထိ ပိုးတွေ့လူနာ ၂၁၉ ဦးအထိရှိနေပြီကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။
No comments:
Post a Comment