Sunday, August 2, 2020
၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး သတ်မှတ်ရက် သဘောတူ
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကြား စနေနေ့ အစည်းအဝေးမှာ မပြီးပြတ်သေးတဲ့ အချက်တွေကို ဒီနေ့ ဆက်လက်ဆွေးနွေးရာမှာ နှစ်ဖက်သဘောတူညီမှု ရခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။
စနေနေ့ ဆွေးနွေးပွဲမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားမှာ Bilateral ခေါ် နှစ်ဖွဲ့ချင်း ဆွေးနွေးတာတွေကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးတွေနဲ့ Parallel အပြိုင်ကျင်းပရေးအတွက် ဆွေးနွေးခဲ့တာပါ။ ဒီလို ဆွေးနွေးပွဲတွေ အပြိုင်ကျင်းပဖို့ ဆုံးဖြတ်ရာမှာ JMC ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေ မကျင်းပနိုင်ခဲ့တဲ့အတွက် အခက်အခဲ ဖြစ်ခဲ့ရတာလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။
ဒီနေ့ ထပ်မံဆွေးနွေးရာမှာတော့ ပြေလည်မှု ရခဲ့ပြီဖြစ်ကြောင်း ဦးဇော်ဌေးက အခုလို ဆက်ပြောပါတယ်။
“အဲဒါနဲ့ပတ်သက်ပြီး နဂိုက ဆွေးနွေးခဲ့တယ်ပေါ့နော်။ နှစ်ဖက် အလုပ်အဖွဲ့ကြားမှာ အကျေအလည် ပြန်ပြီးဆွေးနွေးဖို့ ရှိတဲ့အတွက် နေပြည်တော်မှာ ကျနော်တို့ ၁ ရက်၊ ၂ ရက်နေ့ပေါ့။ ဒီကနေ့ အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးတယ်။ ဒီနှစ်ဖက်ကြားမှာ ရှိနေတဲ့ စိုးရိမ်မှုတွေ၊ ဖြစ်ပေါ်နေတဲ့ အဆင်မပြေမှုတွေ၊ ဒါတွေအားလုံး နှစ်ဖက်လုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးရင်တော့ သဘောတူညီချက် ရယူနိုင်တဲ့အတွက် ကျနော်တို့ အောင်မြင်တဲ့ အစည်းအဝေးဖြစ်ကြောင်း ပဏာမအနေနဲ့ ပြောကြားလိုပါတယ်။”
ဒီသဘောတူညီချက်မှာ JMC-S ခေါ် ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ စက်တင်ဘာ နောက်ဆုံးပတ်မှာ ကျင်းပဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ ဆွေးနွေးပွဲ။ (သြဂုတ် ၂၊ ၂၀၂၀။ ဓာတ်ပုံ - ဦးလှမောင်ရွှေ)
ဒီနေ့ ဆွေးနွေးပွဲ အောင်မြင်ခဲ့တာကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမယ့် အချိန်ဇယားကို သဘောတူညီနိုင်ခဲ့ကြကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် နိုင်အောင်မငေးက ပြောပါတယ်။
“ရှေ့ဆက်သွားမယ့် အစည်းအဝေးက ၄ ရက်၊ ၅ ရက်နေ့မှာ ကျနော်တို့ အလုပ်အဖွဲ့ ထပ်ဆွေးနွေးမယ် အပြီးသတ်။ ဆွေးနွေးပြီးရင် သက်ဆိုင်ရာ ကျနော်တို့ရဲ့ EAO တွေရဲ့ ခေါင်းဆောင်တွေပေါ့။ PPST ခေါင်းဆောင်တွေကို တင်ပြဆွေးနွေးကြမယ်။ ဒီ နေပြည်တော်မှာလုပ်မယ်။ JICM အကြို အကြိုအပြီးသတ်ကိုတော့ ၁၀ ရက်၊ ၁၁ ရက်မှာ လုပ်ပြီးတော့ JICM အစည်းအဝေးကိုတော့ ၁၃ ရက်နေ့မှာ လုပ်ထားပါတယ်။ သက်ဆိုင်ရာ UPDJC အစည်းအဝေးကိုတော့ ၁၇ ရက်နေ့မှာ မှန်းထားပြီးတော့ UPC အစည်းအဝေးကိုတော့ ၁၉၊ ၂၀၊ ၂၁ မှာလုပ်ဖို့ မှန်းထားတာပေါ့နော်။”
UPC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပရေးအတွက် အစိုးရနဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က အလုပ်အဖွဲ့ ကိုယ်စားလှယ်တွေဟာ ၇ ကြိမ်မြောက် ညှိနှိုင်းခဲ့ကြပြီးလည်း ဖြစ်ပါတယ်။
ဒီအစည်းအဝေးတွေမှာ NCA အပစ်ရပ်စာချုပ်ဆိုင်ရာ မူဘောင် ပြန်လည်ညှိနှိုင်းရေး၊ ၂၀၂၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်း အဆင့်လိုက် အကောင်အထည်ဖော်မှုနဲ့ ဖက်ဒရယ် အခြေခံမူလမ်းညွှန် စတဲ့ အပိုင်း ၃ ပိုင်း ပါဝင်တဲ့ ပြည်ထောင်စုစာချုပ် အပိုင်း ၃ ကို အဓိက ဆွေးနွေးခဲ့တာပါ။
ရရှိတဲ့ အချက်တွေကိုတော့ နှစ်ဖက်ခေါင်းဆောင်တွေထံ တင်ပြပြီး JICM ခေါ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနဲ့ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ စတဲ့ အစည်းအဝေးတွေမှာ အတည်ပြုချက်ရယူမှာ ဖြစ်ပါတယ်။
အတည်ပြုချက် ရယူပြီးရင်တော့ UPC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဒီနေ့ သဘောတူညီခဲ့ကြတဲ့အတိုင်း ဒီလ ၁၉ ရက်ကနေ ၂၁ ရက်ထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဒီနှစ် ဧပြီလမှာ ကျင်းပဖို့ မူလက ပြင်ဆင်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါကြောင့် ရက်ရွှေ့ဆိုင်းလာခဲ့ရတာပါ။ လက်ရှိ သတ်မှတ်ထားတဲ့ နေ့ရက်ကိုတော့ လာမယ့် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရှိနေတာကြောင့် ထပ်မံပြောင်းရွှေ့ဖို့ မရှိနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment