Sunday, August 2, 2020

ရခိုင်ပြည်နယ်၊မြို့နယ်တချို့ အင်တာနက် ပြန်ဖွင့်သည့် လက္ခဏာ ပြသော်လည်း လုံး၀အသုံးပြုမရ

ရခိုင်ပြည်နယ်၊ မြို့နယ်တချို့တွင် အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးသည့် လက္ခဏာ ပြသော်လည်း လုံး၀ အသုံးပြုမရကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့တချို့နှင့် ဒေသခံများထံမှ သိရှိရသည်။
ဩဂုတ်လ ၁ ရက်နေ့ ညပိုင်းမှစတင်၍ အင်တာနက်ပိတ်ဆို့ထားသော မြို့နယ်တချို့ ဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား အပါအဝင် မြို့နယ်တချို့တွင် အင်တာနက်လိုင်း ပြန်လည် ဖွင့်လှစ်ပေးသည့်ပုံစံရှိလာသော်လည်း လုံး၀ အသုံးပြု မရကြောင်း သိရှိရသည်။
"လိုင်းတွေတော့ ရပြီလို့တော့ တချို့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းစရတယ်လို့လည်း ပြောတယ်။ ရတယ်လို့လည်းပြောတယ်။ လိုင်းက လုံး၀ မကောင်းဘူးလို့ ပြောပါတယ်" ဟု မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောဆိုသည်။
ရခိုင်ပြည်နယ်မောင်တော၊ ဘူသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် အစိုးရက အင်တာနက် ပိတ်ပင်ထားခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်မှ ရခိုင်သတင်းထောက်တစ်ဦးကလည်း အင်တာနက်လိုင်းဖွင့်လိုက်ပါက 2G ဟု ပေါ်နေပြီး Website ၊Facebook နှင့် အီးမေးလ် လုံး၀ အသုံးပြု၍ မရဟု ပြောဆိုသည်။
"ဖွင့်လိုက်ရင် 2G ဆိုပြီး ပေါ်နေတယ်။ ဘာမှလည်း သုံးလို့မရဘူး။ အင်တာနက်ဖွင့်ပေးတယ်ဆိုပြီး မြင်စေချင်တယ်ထင်ပါတယ်။ ဘာမှ သုံးလို့မရပါဘူး။ အခု ဖုန်းပြောရင်း ကျနော် ဖွင့်နေတာပါ" ဟု ၎င်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မင်းပြားမြို့နယ် Youth Network မှ ဦးဆောင်လူငယ်တစ်ဦးကမူ မင်းပြားမြို့နယ်တွင်လည်း ဩဂုတ်လ ၁ ရက်နေ့ ညပိုင်းမှစတင်ပြီး အင်တာနက် ဖွင့်လှစ်သည့် ပုံစံ လိုင်းပြရန်သော်လည်း လုံး၀ အသုံးပြု၍ မရဟု ပြောဆိုသည်။
"အင်တာနက်ဖွင့်လိုက်ရင်လေ E လို့ ပေါ်နေတယ်။ အဲဒါက ဘယ်နေရာက ဖွင့်ဖွင့် အဲဒီလိုပဲ ပေါ်နေတယ်။ သုံးလို့လည်းမရဘူး။ Data ဖွင့်လိုက်ရင်တော့ E ဆိုတာလေးက နေရာတိုင်း ဘယ်နေရာမှာပဲ ဖွင့်ဖွင့် ပေါ်တယ်။ အရင်ကတော့ လုံး၀ကို မရတာပါ" ဟု မင်းပြားYouth Network မှ ဦးဆောင်လူငယ်က ရှင်းပြသည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကမူ အင်တာနက် လုံး၀ မရသေးဘဲ အသုံးပြုလိုပါက တောင်ကုန်းနှင့် တပ်နားပတ်ဝန်းကျင်နေရာများသို့ သွားရောက်သုံးစွဲမှသာ ရနိုင်သည်ဟုဆိုသည်။
"ဒီတောင်ကုန်းတွေနဲ့ တပ်ဝန်းကျင်းနာတွေမှာက သွားသုံးရင်တော့ ရတယ်။ နေရာတိုင်းမှာ မရဘူး။ အဲဒီလို နေရာတွေက တစ်ချက်တစ်ချက် မိနေတယ်ပေါ့။ အဲဒါက အရင်ကတည်းက အဲဒီလိုသုံးနေကြတာပါ" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ရခိုင်ပြည်နယ်တွင် အင်တာနက် လိုင်းပြန်လည်ဖွင့်ခြင်းရှိ ၊ မရှိ တရားဝင်မေးမြန်းရန် ကြိုးစားဆက်သွယ်နေသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း၊ ဖုန်းခေါ်ဆိုမရခြင်းများဖြစ်ပေါ်နေသည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/975966156174064/?type=3&__xts__%5B0%5D=68.ARCoDk4PyX_3paZdVRFUDx9rtJBigexb1u02yKprJImZ99FQzwni3S96pz09XFUFRedsuCbbw7bVDdnKTtUBn7wZ4ulG8tMBuFW2v2OrACF9HdDuPMr0Vke5K0UWBPkAOxMFfkQe6VN3a1PAU4ocUfo8e9ODKWbL86W09jGuFNGfs8UdfcQyXEwYPv26ieXXRZHYLii_wmrMVkgEcDfolPdv5U5UYEOWBQAXe0xQHRMks74Cckna4vVz8e8_F8ufl5WtklNtNjZcxK2SBZGw7mtUNhUSxvt48QDFJy8pfEuHmPRmFj1sCSpxerbprcqE4ni1tyPkJW__R6rby0wW8to&__tn__=-R

No comments:

Post a Comment