Friday, July 31, 2020

၂၁ ရာစုပင်လုံညီလာခံ ကျင်းပရက် ထပ်ရွှေ့ရနိုင်ခြေရှိ

လာမယ့် ရွေးကောက်ပွဲမတိုင်ခင် ပင်လုံငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပနိုင်ရေး အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေတာ၊ ထပ် တစ်နေတာကြောင့်၊ နောက်ကိုထပ်ရွှေ့လိုက်ရပါတယ်။ ဒီ ဆဌမအကြိမ် အလုပ်အဖွဲ့ အစည်းအဝေး ကို သတ္တမအကြိမ်အဖြစ် နောက်ရွှေ့ လိုက်ရတာကြောင့်၊ ပင်လုံညီလာခံ ကျင်းပနိုင်ဖို့အရင် မှန်းဆပြင်ဆင်ထားတဲ့ရက်ကိုရော နောက်ဆုတ် သွားစေနိုင်ပါလား။
ဒီအကြောင်း အနီးကပ်စောင့်ကြည့်သုံးသပ်နေတဲ့ ISP မြန်မာ (မြန်မာနိုင်ငံမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ) အဖွဲ့က ညွှန်ကြားရေးမှူး ကိုအောင်သူငြိမ်းကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။
ကိုဝင်းမင်း။ ။ ပင်လုံငြိမ်းချမ်းရေးညီလာခံကြီးကိုပေါ့နော် တနှစ်ကျော် မကျင်းပနိုင်ပဲ တစ် နေခဲ့ရာကနေ၊ အခုလာမယ့် ရွေးကောက်ပွဲမတိုင်ခင်ကပ်ပြီး စတုတ္ထအကြိမ်အဖြစ် ကျင်းပဖို့ပြင်ဆင်နေတဲ့ ဒီအပတ်အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့တရက်တိုးဆွေးနွေးခဲ့တာ ဆက်တစ်နေလို့ နောက်ပိုင်းကို ရွေ့လိုက်ရတယ်လို့ ကြားပါတယ်။ အခုလို နောက်ထပ်ရွှေ့လိုက်ရတာကြောင့် ပင်လုံမတိုင်ခင် ကြားမှာလုပ်ရမယ့် အစည်းအဝေးအဆင့်ဆင့်တွေလဲရှိနေတဲအခါမှာ မူလမျှော်မှန်းထားတဲ့ ရှေ့လ သြဂုတ်လလယ်ထဲ ဒီ ၁၂၊ ၁၃၊၁၄ ပေါ့နော် လုပ်မယ့်အနေအထားကနေ နောက်ကို ထပ်ရွေ့သွားနိုင်တယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။ ကိုအောင်သူငြိမ်း ဘယ်လိုမြင်ပါလဲ။
ကိုအောင်သူငြိမ်း။ ။ ရွေးကောက်ပွဲမတိုင်ခင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတခု ကျင်းပဖို့ဆိုတာက အစိုးရဘက်ကလည်း လိုလားတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဘက်ကလည်း လိုလားပါတယ်။ အထူးသဖြင့်တော့ အစိုးရဘက်ကလည်း ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အမှတ်လိုချင်တယ်ပေါ့။ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဒီရွေးကောက်ပွဲရဲ့ ဟိုဘက်ကာလမှာ ဘယ်သူပဲ အစိုးရဖြစ်သည်ဖြစ်စေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ သဘောရှိကြပါတယ်။ ဒါပေမယ့် အခုကြားရသလောက် သတင်းအရတော့ ဒီဆွေးနွေးတဲ့အထဲမှာ တချို့ကိစ္စတွေ သဘောတူတယ်။ ဒါပေမယ့် တချို့ မပြေလည်သေးတဲ့ကိစ္စတွေ ရှိတယ်ပေါေ့နာ်။ ဆိုတော့ အဲဒီအနေအထားမှာတော့ သြဂုတ်လ နောက်ဆုံးအပတ်အထိကို အစည်းအဝေး ရွှေ့သွားနိုင်တယ်ဆိုတဲ့ သတင်းတွေလည်းရှိပါတယ်။
ကိုဝင်းမင်း။ ။ အဲ့ဒီတော့ အခုက အစိုးရဘက်ကလည်း လုပ်ချင်တယ်၊ တိုင်းရင်းသားတွေ ဘက်ကလည်း လုပ်ချင်တယ်ပေါ့နော် အဲဒီတော့ တပ်မတော်ဘက်ကရော။
ကိုအောင်သူငြိမ်း။ ။တပ်မတော်ဘက်က စဉ်းစားပုံကိုတော့ အသေအချာမသိရဘူးပေါ့နော်။ ကျနော်ထင်တာ သူတို့လည်း ငြိမ်းချမ်းရေးလိုချင်ပါလိမ့်မယ်။ ဒါပေမယ့် အခုသိရသလောက်က ဒီ JMC ခေါ်တာပေါ့ဗျာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အဖွဲ့ရှိတယ်လေ အဲဒီမှာ တချို့ မညှိနှိုင်းရသေးတဲ့ ကိစ္စတွေလည်း ရှိတယ် အထူးသဖြင့် KNU ဒေသတို့ RCSS ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာကို အဲဒါနဲ့ ပတ်သက်လို့လည်း ဆွေးနွေးချင်တယ်ဆိုတဲ့ သဘောတွေရှိတယ်။
ကိုဝင်းမင်း။ ။ အခုလို ပင်လုံကျင်းပမယ့်ရက် နောက်ကို ရွေ့သွားနိုင်တာက၊ ဒီ ကြားထဲမှာ အဆင့်ဆင့်လုပ်ဖို့ရှိတဲ့ ဥပမာ JICM လို့ခေါ်တဲ့ NCA အကောင်အထည်ဖော်မူဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတို့ နောက် UPDJC လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမူ ပူးတွဲကော်မတီ အစည်းအဝေးအဆင့်ဆင့်တွေလည်း လိုက်ရွှေ့ရတာကြောင့်လား။ ဘယ်လိုသုံးသပ်မိလဲ ကိုအောင်သူငြိမ်း။
ကိုအောင်သူငြိမ်း။ ။ တခုရှိတာက အခုက COVID ကာလ ဖြစ်တဲ့အတွက် ဒီအစည်းအဝေးကို ရက်အကြာကြီး လုပ်လို့မရနိုင်ဘူး နောက်တခါကျတော့ အရင်တုန်းကလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ၇၀၀ လောက်တက်လာတဲ့အခါကျတော့ အဲဒါကိုလည်း လူ ၂၀၀ လောက် အရေအတွက်အထိ လျှော့ချမယ်ဆိုတဲ့ သတင်းတွေလည်းရှိတယ်။ နောက်တခါကျတော့ အပြင်မှာ ကြိုတင်ပြီးတော့ သဘောတူညီမှုတွေ ရထားပြီးတော့မှပဲ ဒီအစည်းအဝေးမှာ အတည်ပြုတဲ့ သဘောဖြစ်ဖို့ ပိုများပါတယ်။ အဲဒီတော့ အပြင်မှာ အတည်ပြုချက် လုပ်ဖို့အချက်တွေ ဒါတွေသဘောမတူဘူးဆိုရင်တော့ ဒီအစည်းအဝေးအထိသွားဖို့ ခက်တဲ့အနေအထားရှိပါတယ်။
ကိုဝင်းမင်း။ ။ အဲ့ဒီတော့ ပင်လုံမတိုင်ခင် အပြင်မှာ ဘယ်လို အဓိက အချက်တွေကို ကြိုပြင်နေပြီး၊ ဘယ်လိုအနေအထားကို ရောက်နေတာလဲ။
ကိုအောင်သူငြိမ်း။ ။ ယေဘုယျတော့ အချက် ၃ ချက်လောက် သဘောတူဖို့ လုပ်ထားတာရှိတယ်။ တခုကတော့ NCA ပေါ့နော် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ ဘယ်လို အကောင်အထည်ဆက်ဖော်မလဲဆိုတာ ဆွေးနွေးကြတာရှိတယ်။ နောက်တခုကတော့ Sequence ခေါ်တာပေါ့ ဘယ်လုပ်ငန်းတွေကို စလုပ်မယ် အစီအစဉ်ပေါ့ ၁၊၂၊၃၊၄ ဒါတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်။ နောက်တခုကတော့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံမူတွေပေါ့ ဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်ဆိုတာရှိပါတယ်။ ဆိုတော့ အဲလိုအနေအထားမှာတော့ အခုခက်တာက တချို့အချက်တွေတော့ သဘောတူတယ် ဒါပေမယ့်လည်း မပြေလည်သေးတဲ့ အချက်တွေရှိတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲ့ဒီတော့ ရွေးကောက်ပွဲမတိုင်ခင် ပင်လုံကျင်းပနိုင်ဖို့ အဓိက ထားကြည့်ရင် အခုဖြစ်နေတာတွေကို ဘယ်လိုကျော်လွှားသွားသင့်လဲ။
ကိုအောင်သူငြိမ်း။ ။ လောလောဆည်မှာတော့ သိပ်အများကြီး မျှော်လင့်လို့မရဘူး minimalist approach လို့ခေါ်တာပေါ့ဗျာ ။ အခုရွေးကောက်ပွဲရဲ့ ဟိုဘက်ကာလမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်ပြီးတော့ လုပ်သွားမယ် အဲဒီအချက်လောက် သဘောတူထားရင် ရပြီလို့ ထင်ပါတယ်ဗျ။
ကိုဝင်းမင်း။ ။ ရွေးကောက်ပွဲမတိုင်ခင် ပင်လုံဖြစ်မဖြစ်က ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးမူအပေါ် အဆုံးအဖြတ်ပေးနိုင်မယ့် အနေအထားဘယ်လိုရှိလဲ။
ကိုအောင်သူငြိမ်း။ ။ ဦးသိန်းစိန်တုန်းကလည်း ဒီ NCA သဘောတူညီချက် ရအောင်လုပ်တယ်။ ဆိုတော့ ဒီအချက်တွေကြောင့် ရွေးကောက်ပွဲမှာ အထောက်အကူဖြစ်သလား မဖြစ်သလားပေါ့။ ကျနော်ထင်တာတော့လည်း သိပ်တော့ မထူးလှဘူးလို့ ထင်ပါတယ်။ ပြည်သူတွေကတော့ ငြိမ်းချမ်းရေး အရေးကြီးတယ် ဆိုတာတော့ လက်ခံတယ် ဒါပေမယ့်လည်း ရွေးကောက်ပွဲမှာတော့ သူတို့ကြိုက်တဲ့ ပါတီကို မဲပေးကြမယ်လို့ ထင်ပါတယ်။
ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ကိုအောင်သူငြိမ်းရေ။
မြန်မာနိုင်ငံမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူအဖွဲ့ (ISP မြန်မာ) က ညွှန်ကြားရေးမှူး ကိုအောင်သူငြိမ်းကို ကိုဝင်းမင်းက မေးမြန်းထားတာဖြစ်ပါတယ်။

No comments:

Post a Comment