Friday, July 31, 2020

NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ကို အစိုးရက ရိက္ခာ ထောက်ပံ့

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ကို အစိုးရက ရိက္ခာထောက်ပံ့ကြောင်း ယင်းအဖွဲ့အစည်းများက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်က ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အကူအညီတောင်းတဲ့အတွက် အစိုးရက ထောက်ပံ့တာဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီး ထိန်းသိမ်းခဲ့တဲ့သူတွေကို အစိုးရက ပြန်ပြီးကူညီတာပေါ့။ ကျွန်တော်တို့ ပြည်သူတွေဆီက အခွန်တွေ မကောက်ရတော့တဲ့အတွက် အဖွဲ့ရဲ့ရပ်တည်ရေးက ခက်ခဲပါတယ်။ ဒီကိုဗစ်ကြောင့် ပိုပြီးခက်ခဲတာပေါ့" ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ထို့သို့ထောက်ပံ့ရာတွင် NCA လက်မှတ်ရေး ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ( KNU/KNLA-PC) အတွက် ကျပ်သိန်း ၁၀၀၀ ၊ လားဟူဒီမိုကရက်တစ် အစည်း အရုံး(LDU)အတွက် ကျပ်သိန်း ၂၅၀၊ မွန်ပြည်သစ်ပါတီ(NMSP)အတွက် ကျပ်သိန်း ၁၀၀၀၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)အတွက် ကျပ်သိန်း ၁၀၀၀၊ ချင်းအမျိုးသားတပ်ဦး(CNF)အတွက် ကျပ်သိန်း ၇၅၀၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)အတွက် ကျပ်သိန်း  ၅၀၀၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)အတွက် ကျပ်သိန်း ၇၅၀ နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ကို ငွေကျပ်သိန်း ၅၀၀ တို့ဖြစ်သည်။

" ဒါက ကိုဗစ်ကို အကြောင်းပြုပြီး အစိုးရက ထောက်ပံ့လာတာဖြစ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အဖွဲ့အစည်းတွေ ရပ်တည်ရေးဟာ အစိုးရမှာ တာဝန်ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့မှာ NCA အရ လူထုဆီကနေ အခွန်ကောက်ခွင့်မရှိတော့တာကြောင့် ရပ်တည်ရခက်ခဲပါတယ်။ " ဟု ALP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်စိုးမြက ပြောသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိပြီး ၎င်းတို့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့က အစိုးရထံ အကူအညီမတောင်းသဖြင့် အစိုးရထောက်ပံ့သည့် အဖွဲ့အစည်းများစာရင်းတွင် မပါဝင်ပေ။

https://myanmar.mmtimes.com/news/141985.html

No comments:

Post a Comment