Friday, July 31, 2020

ကွတ်ခိုင်ဘက် မြေမြှုပ်မိုင်းပေါက်ကွဲမှု ၅ နှစ်အရွယ်မိန်းကလေး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ရာမှာ ကလေး ခြောက် ယောက်ထိခိုက်ခဲ့ပြီး ဒီအထဲက ၅ နှစ်အရွယ် မိန်းကလေး သေဆုံးသွားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။
ကွတ်ခိုင်မြို့နယ် ခိုတင်ရွာမှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ကလေး ခြောက် ယောက် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေထဲက ၅ နှစ်အရွယ် မိန်းကလေးကတော့ ဆေးရုံပို့မှာပဲ သေဆုံးသွားခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာ နောက်ထပ် ဒဏ်ရာပြင်းထန်သူတွေ ရှိနေသေးတယ်လို့လည်း အခင်းဖြစ်ခဲ့တဲ့ ခိုတင်ရွာရဲ့ ဘုန်ကြီးကျောင်းက ဦးဓမ္မသာရက အခုလို မိန့်ကြားပါတယ်။
“ကလေးအားလုံး ကလေး ရှစ် ယောက်ရှိတယ်။ ရှစ် ယောက်ထဲမှာ နှစ် ယောက်က ဘာမှ မဖြစ်ဘူး။ နှစ် ယောက်က နည်းနည်းဖြစ်တယ်။ မိုင်းစ နည်းနည်းထိတယ်။ သိပ်တော့ မစိုးရိမ်ရဘူးပေါ့။ လေး ယောက်ကျတော့ အသည်းအသန်ဖြစ်တယ်။ လေး ယောက်ကျတော့ တအားဒဏ်ရာပြင်းထန်တယ်။ လေးယောက်ထဲက တယောက်က မနေ့က ဆုံးသွားပြီ။ ဦးဇင်းတို့ပဲ ဖြစ်ဖြစ်ခြင်း ကလေးတွေကို ဆေးရုံခေါ်သွားတယ်။ ဆေးရုံမှာပြ၊ ပြပြီးတော့ ဆေးရုံက ဆရာမတွေတော့ ကွတ်ခိုင်ကနေ လားရှိုးတော့ ပို့ပေးတယ်။ လားရှိုးမှာ ရှိတဲ့ ကလေးအခြေအနေက အဲဒီ ကလေးမတစ်ယောက်က ဦးခေါင်းထိထားတော့ ခုချိန်ထိ သတိမရသေးဘူးလို့ ပြောကြတယ်။ ကလေးတွေက အကြီးဆုံးက ၁၂ နှစ်အရွယ်ပဲ ရှိသေးတယ်။ အငယ်ဆုံးကျတော့ နှစ်နှစ်ပဲ ရှိသေးတယ်။”
လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားလေ့ရှိတဲ့ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။ ဆရာတော် ဦးဓမ္မသာရကတော့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အခုလို မိန့်ကြားပါတယ်။
“အခု အဲဒီပေါက်ကွဲတာက အိမ်ရှေ့နားလေး ဒကာကြီး။ ကလေးတွေက တခြားကနေ ယူလားသလား။ ဒါမှ မဟုတ် ဟိုအရင်တုန်းကတော့ ဦးဇင်းတို့ ရွာမှာတော့ တပ်မ ၉၉ တော့ လာနားသွားတယ်။ အဲဒီ အိမ်ပေါ့နော်။ သူတို့ ကျန်ခဲ့တာလား။ ဒါမှ မဟုတ် သူတို့ မြှုပ်ထားတာလား။ မသိဘူးပေါ့။ ဦးဇင်းတို့လည်း တိတိကျကျ မသိဘူးပေါ့။ ပေါက်ကွဲတာတော့ ကလေးတွေက ကိုင်ပြီး ပစ်တာလား။ ဒါမှမဟုတ် နင်းမိတာလား၊ အဲဒါ ဦးဇင်းတို့လည်း မိုင်းအကြောင်း မသိတော့ တိတိကျကျ မသိဘူးပေါ့။ မနေ့ကလည်း ရဲစခန်းတွေတော့ လာကြည့်သွားသေးတယ်။”
ဒီသတင်းနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ကွတ်ခိုင်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။ ဒီလ ၂၈ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ဒေသတွေမှာ ကချင်၊ တအန်းပလောင်နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ် ဖွဲ့လှုပ်ရှားနေတာဖြစ်ပြီး အစိုးရတပ်မတော်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိသလို မိုင်းနင်းမိတာ၊ လက်နက်ကြီးပေါက်ကွဲတာ တွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။
ဒီလို မကြာခဏ ထိခိုက်တာတွေကြောင့် တအန်း(ပလောင်) အမျိုးသမီးအဖွဲ့ TWO က ပြောရေးဆိုခွင့်ရှိသူ လွေးကူကူက လက်နက်ကိုင်အဖွဲ့တွေကို အပြစ်မဲ့အရပ်သားတွေ မထိခိုက်စေအောင် ရှောင်ရှားဖို့အတွက်တောင်းဆိုထားပါတယ်။
“ကျမတို့အနေနဲ့ တိုက်တွန်းချင်တာကတော့ အများသွားတဲ့နေရာတွေ လူထုကို ထိခိုက်စေမယ့် ဒီလက်နက် ကိရိယာတွေကို မထားပေးဖို့၊ အထူးသဖြင့် မြေမြှုပ်မိုင်းတွေ စသည်ဖြင့်ပေါ့နော်။ လူအများသွားလာတဲ့နေရာပဲဖြစ်ဖြစ်၊ ပြီးလို့ရှိရင် ကျေးရွာတွေနားနီးတဲ့နေရာတို့၊ မြို့နားနီးတဲ့နေရာတို့ဆိုရင် အတတ်နိုင်ဆုံး ရှောင်ပေးဖို့ပေါ့နော်။ ပြီးရင် စစ်ပွဲ ပဋိပက္ခဖြစ်နေတဲ့ဟာတွေကို အမြန်ဆုံး ရပ်တန့်ပြီးမှ ဒီအားလုံးပေါ့နော်။ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ဆွေးနွေးပွဲ စကားဝိုင်းကို မြန်မြန်လေး အကောင်အထည်ဖော်ပေးဖို့ ဖြစ်စေချင်တာပေါ့နော်။”
TWO အဖွဲ့က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာတော့ ရှမ်းမြောက်ဒေသမှာ ၂၀၁၉ ခုနှစ် ဇူလိုင်ကနေ စက်တင်ဘာ ၃ လအတွင်း လက်နက်ကြီး ထိမှန်တာနဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း နဲ့ တအန်းကျောင်းသားလူငယ်အဖွဲ့ ကောက်ယူရရှိတဲ့ စာရင်းအရ ၂၀၂၀ ဇန်နဝါရီလကနေ ဇူလိုင်လအထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ပစ္စည်းတွေကြောင် သေဆုံးသူ ၉ ဦး၊ ထိခိုက်သူ ၃၂ ဦးရှိပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံက အခြေအနေတွေကို ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးငယ် ၄၂၀ အပေါ် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၄၃၂ ခု ကျုးလွန်ခဲ့တာ တွေ့ရှိခဲ့ရပြီး၊ ၆ လအရွယ် ကလေးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၂၀ နဲ့ သေဆုံးသူ ၄၁ ယောက် ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက စာသင်ကျောင်းတွေကို တိုက်ခိုက်မှုပေါင်း ၁၂ ကြိမ်နဲ့ ဖမ်းဆီးခံခဲ့ရသူ ကလေး ၁၂ ယောက် ရှိခဲ့တာကို အတည်ပြုနိုင်ခဲ့ကြောင်းလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment