Saturday, August 1, 2020

ပလက်ဝဒေသခံ ၄ ဦးကို AA ဖမ်းဆီးဟု ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC သတင်းထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ချင်းလူငယ်လေးဦးအား ဇူလိုင်လ ၁၉ ရက်နေ့က၊ ကျောက်တော်မြို့နယ်၊ ငသရိုင်းကျေးရွာတွင် AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဇူလိုင်လ ၃ဝ ရက်နေ့တွင် ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေကောင်စီ (KACC) က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် “ အဆိုပါ လူငယ်လေးဦး အဖမ်းခံရခြင်း၏ အကြောင်းရင်းများကို မသိရှိရသေးသော်လည်း ၎င်းတို့မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပြန်လာခြင်းဖြစ်ပြီး အတူ ပြန်လာသည့် လူငယ် ခုနှစ်ဦးအနက် လေးဦးအဖမ်းခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရကြောင်း၊ ဖမ်းဆီးခံရသူများအနက် တစ်ဦးမှာ အိုက်အောင်စိုးဖြစ်ပြီး၊ ပလက်ဝ မြို့အခြေစိုက် ချင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ဆောင်ရွက်သူတစ်ဦးဖြစ်သည်ဟု သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေကောင်စီမှ (ပြောရေးဆိုခွင့်ရှိသူ) မိုင်းနန်းဝေနှင့် (ညှိနှိုင်းရေးမှူး) ဆလိုင်းစောမြ တို့အားဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သော်လည်း ယခုကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးဖြေဆိုခြင်း မရှိခဲ့ပါ။ နိရဥ္စရာ သတင်းဌာနာမှ ထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပေ။
ကျောက်တော်မြို့နယ်၊ ငသရိုင်းကျေးရွာတွင် လွန်ခဲ့သည့် ဇွန်လအတွင်းက ဖမ်းဆီးခံရသော ပလက်ဝမြို့နယ်၊ တုန်းမဝကျေးရွာ ချင်းလူမျိုး ဦးလှကျော် ဖမ်းဆီးခံခဲ့ရသော နေရာဖြစ်ပြီး တစ်လအကြာ ဇူလိုင်လ ၁၇ ရက်နေ့တွင် သူ့၏ရုပ်အလောင်းကို ပြန်တွေ့ခဲ့သည့် နေရာဖြစ်ကြောင်းလည်း ရေးသားထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ ကျနော်လည်း သတင်းတော့ကြားတယ်။ မီဒီယာတွေကတစ်ဆင့်တော့ အဲသတင်းတွေကို ကြားတယ်။ ကျနော်လည်း အခုခရီးသွားနေလို့။ သတင်းပဲ ကြားသေးတယ်” ပြောသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းသို့ ဆက်သွယ်ရာ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မသိရှိကြောင်း ပြောသည်။
အဆိုပါ အဖမ်းအဆီးနှင့်ပတ်သက်ပြီး AA သို့ ဆက်သွယ်မေးမြန်းခြင်းကို ဥပဒေအရ ပိတ်ပင်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။


https://www.facebook.com/narinjara.info/posts/3453098211368898?__xts__%5B0%5D=68.ARAVi5Z4U732vWySvgYnOOJSRlMJvfBcGtwXqB8Fs27gp39YIjUkV4oH8x2tJqCMRZ6r5I00TNdIqth-8i3Pk5cmJLkzMzCCPljWoXwY7PXoT0mXgm2QuT6zGaJZ2mZXKSXoGCeW4jTCWPRsHLxMIV_XUwoz3ifKtkLOU7YWOWjDeCMlijfcDf8j0PEanr1_zFOL4UpDKwFmwuPSGexAmCdc5XgbtMnGOVdbcI47TacEBQSXw8R3yGsSiTz6-vO-FPC7VZc6nCt66mj6dqBQ043ei2Ge95E01gktKwbThwtL_lSvXRm191nmuw5BiVK6ecL2MNtewLeLdDFXJcwpW5zHuw&__tn__=-R

No comments:

Post a Comment