Thursday, July 30, 2020

NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို ငြိမ်းချမ်းရေး ညီလာခံသို့ ဖိတ်ကြားမည်

NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များကို ငြိမ်းချမ်းရေး ညီလာခံသို့ ဖိတ်ကြားမည်
----- ----- -----
NCA တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သြဂုတ်လအတွင်း၌ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ - ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးသို့ တက်ရောက် ရန်ဖိတ်ကြားမည်ဟု အစိုးရပြောရေး ဆိုခွင့်ရှိသူ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ ပြုလုပ်ခဲ့သည့် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO) ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး အပြီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးဇော်ဌေးက "ကျွန်တော်တို့က NCA မထိုးသေးတဲ့ အဖွဲ့တွေတော်တော်များများ ဖိတ်မှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း မူဝါဒချပြီး ဖြစ်တယ်။ သို့သော် ဖိတ်တဲ့အခါမှာလည်း ဒီဘက်မှာ NCA ထိုးပြီးသားအဖွဲ့တွေရော။ နိုင်ငံရေး ပါတီတွေရော။ အကုန်လုံး ပေါ့နော်။ COVID –19 ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းနဲ့ အညီ ဆောင်ရွက်ရတာ ဖြစ်တယ်။ အဲဒီတော့ သူတို့လည်းပဲ ဒီစည်းမျဉ်း စည်းကမ်းနဲ့ အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒီအပိုင်းမှာတော့ သူတို့ရဲ့သဘောကတော့ မသိဘူး။ ကျွန်တော့် ဘက်ကတော့ အားလုံး မဟုတ်ရင်တောင်မှ အတော်များများ ပေါ့နော်။ ဖိတ်မယ်။ တက်တာနဲ့ မတက်တာနဲ့ ကတော့ သူတို့ ရဲ့သဘောထား အပေါ်မှာ မူတည်တယ်"ဟု ဆိုသည်။
NCA တွင် လက်မှတ် မထိုးရသေးသည့် အဖွဲ့များမှာ မြောက်ပိုင်း ၇ ဖွဲ့ဖြစ်သည့် `၀`အဖွဲ့ (UWSA)၊ ကချင် လက်နက်ကိုင်အဖွဲ့ (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါ တီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)နှင့် ကယားပြည်နယ်ရှိ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့ ဖြစ်သည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက NCA တွင် လက်မှတ် မထိုးရသေးသည့်အဖွဲ့များကို ဖိတ်ကြားမည်ဟုသာ ပြောကြား သွားပြီး မည်သည့်အဖွဲ့များကို ဖိတ်ကြားမည် ဆိုသည်ကိုမူ ပြောကြားသွားခြင်း မရှိပေ။
လက်မှတ်မထိုးရသေးသည့် အဖွဲ့များအား ညီလာခံသို့ ဖတ်ကြားစေလိုကြောင်းကို အစိုးရအား ပြောထားသည်ဟု NCA လက်မှတ်ထိုး အဖွဲ့များဘက်မှ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးက ဖိတ်ကြားရေးနှင့် ပတ်သက်သည့် ၄င်တို့၏ သဘောထားကို ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ဆန္ဒကတော့ အစိုးရကိုပြောပြတယ်။ ဖိတ်စေချင်ပါတယ်"ဟု နိုင်အောင်မငေးက ဆိုသည်။
ပြီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာ စုပင်လုံ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အစည်းအဝေးများတွင် မြောက်ပိုင်း ၇ ဖွဲ့တို့သည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။
https://www.facebook.com/News.TheLadies/posts/1557859801055650?__cft__[0]=AZUhQ20Ee-P7gq8nKgzeaQDDjGzYJkT0cMf_VhiZn2X5-XQRJNDPo0DNBOchAqmgC3QgpPS_t4Ho8oUZAYvhWT7o5wPA3jFjfANNWF1d_9YMxIjS314fhiGuyEBt7gxZuR0DBY1AhD_lnyFPcyLWw2lyqjYnDCFrVJO7P8kMXyQygg&__tn__=%2CO%2CP-R

No comments:

Post a Comment