Thursday, July 30, 2020

ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲနိုင်ရေး အစိုးရနှှင့် NCA လက်မှတ်ထိုးအဖွဲ့များ ဆွေးနွေးညှိနှိုင်းနေ

ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲနိုင်ရေး အစိုးရနှှင့် NCA လက်မှတ်ထိုးအဖွဲ့များ
ဆွေးနွေးညှိနှိုင်းနေ
----- ----- -----
ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေးကိစ္စအား အစိုးရနှင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်း ဆွေးနွေးနေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောကြားသည်။
ယနေ့(ဇူလိုင်လ ၂၉ရက်နေ့)ရန်ကုန်မြို့ရှိ NRPC ရုံး၌ ပြုလုပ်ခဲ့သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (NCA - S EAO)ကိုယ်စားလှယ်အဖွဲ့တို့၏ အလုပ်အဖွဲ့ညှိနှိုင်း အစည်း အဝေးအပြီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဇော်ဌေးက "ပြည်နယ်တွေရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲတဲ့ ကိစ္စပေါ့နော်။ အဲလိုရေးဆွဲတဲ့အခါမှာ ဘာလိုတွေသုံးမလဲဆိုတဲ့အပိုင်း။ ဒါကိုလည်း ဘယ် ဟာနဲ့ ပြန်ချိတ်မလဲဆိုတော့ အပိုင်းနှစ်မှာသွားတဲ့ အဆင့်လိုက်လုပ်ငန်းနဲ့ အဆင့်လိုက် အကောင်အထည် ဖော်မှုမှာလည်း အဲလိုမျိုးတွေ ပြန်ထည့်ရတာတွေရှိတယ်"ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေး ဆိုင်ရာ လမ်းညွန်အခြေခံမူများ အချက်ပေါင်း ၈ ချက်ထဲမှ အချက် ၂ ချက်ကို သဘော တူညီမှုရရှိခဲ့ပြီး ဆက်လက်ဆွေးနွေးရန်အချက် ၆ ချက် ကျန်ရှိသည်ဟု ဆိုသည်။
" ဒီ ၆ ချက်ကလည်း ၆ ချက်လုံးမပြီးပြတ်လို့မဟုတ် ဘူး။ တချို့အချက်တွေ သဘောတူတယ်။ သို့သော် သဘောတူညီတဲ့အချက်သည် အခြားအချက်အချို့ နဲ့ ချိတ်ဆက်နေတဲ့အတွက်။ ဒီလိုမျိုး Link ဖြစ်နေတဲ့ အပိုင်းလေးတွေကို ကျွန်တော် တို့ ဆက်ဆွေးနွေးနေရတဲ့အနေအထားရှိတယ်။ ဒါလည်းပဲ နောက်အစည်းအဝေး နှစ်ကြိမ်လောက်ဆိုရင် ပြီးပြတ်သွားမယ်လို့ မျှော်မှန်းပါတယ်"ဟု ဦးဇော်ဌေးက ပြောကြားသည်။
သဘောတူညီမှုရရှိထားသည့် အချက်များကိုလည်း လတ်တလောတွင် ထုတ်ဖေါ်ပြောကြားမည် မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဆက်စပ်နေ သည့် အကြောင်းအရာများရှိနေခြင်းကြောင့် ဖြစ်သည်ဟု အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။
"သဘောတူညီထားတဲ့ ဟာတွေကလည်း လောလောဆယ်မှာတော့ ထုတ်ဖေါ်ပြောကြာခြင်းမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ ဆက်စပ်နေတဲ့ ဟာတွေရှိနေတဲ့အတွက်။ ကျန်တဲ့ဟာတွေမှာလည်း အနှာင့်အယှက် မဖြစ်စေလိုဘူး" ဟု ဦးဇော်ဌေးက ပြောကြားသည်။
NCA လေးနှစ်ပြည့်အခမ်းအနား၌ ပြောကြားခဲ့သော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏မိန့်ခွန်းထဲတွင် ဖက်ဒရယ်အခြေခံမူများနှင့် ပတ်သက်ပြီး ဖက်ဒရယ်စနစ်နှင့် အညီ အာဏာခွဲဝေမှု၊သယံဇာတခွဲဝေမှုနှင့်ပြည်နယ် များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ကိုယ်ပိုင် အခြေခံဥပဒေများရှိရမည်ဟု ပါရှိသည်။
အောင်ရဲနောင်
The Ladies News

https://www.facebook.com/News.TheLadies/posts/1557851907723106?__cft__[0]=AZXgQ8NnblvVBcI2H-WrON8un_CtQDD9xk-xLWuqqvHCrKLkvPpjTzUZrD5xgdSy4XYnNU5VNzUO0ac2xIZ0ZdkuPWNg2LR0c2Ih8gl930ZjpJ1pM2t93_wJj9fE8MJpmA3mI3BwxNzQvBv4VVsK_GCFHzw2J52l9cYv7nRBjpJ-Ww&__tn__=%2CO%2CP-R

No comments:

Post a Comment