Thursday, July 30, 2020

အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ အစည်းအဝေး ဆက်လက်ကျင်းပ

အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ အစည်းအဝေး ဆက်လက်ကျင်းပ

ရန်ကုန်  ဇူလိုင် ၂၉
အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO) ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန (NRPC) ၌ ဆက်လက် ကျင်းပသည်။
ယနေ့အစည်းအဝေးသို့ အစိုးရ ကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်း ဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်း ရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင် ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ ညှိနှိုင်းရေးမှူးဦးမျိုးဝင်း၊ ညှိနှိုင်းရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ ကြာဆော်လမွန်၊ နိုင်အောင်မငေး၊ ဒေါက်တာစိုင်းဦးနှင့် ခွန်မြင့်ထွန်းတို့ တက်ရောက်ကြသည်။
အစည်းအဝေးများ ကျင်းပရေးဆွေးနွေး
အစည်းအဝေး၌ ဇူလိုင် ၂၇ ရက် တွင် ဆွေးနွေးခဲ့ကြသည့် (၈) ကြိမ် မြောက် JICM အစည်းအဝေး ဆုံးဖြတ် ချက်များ အကောင်အထည်ဖော်ရေး အတွက် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီ ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အခြေခံမူ သဘောတူညီချက်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေး ဆိုင်ရာ အခင်းအကျင်း၊ ညီလာခံ မတိုင်မီ ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် ပြင်ဆင်မှုနှင့် ရှေ့လာမည့် ညှိနှိုင်းအစည်းအဝေး ရလဒ်များကို UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့မှ ကိုယ်စားလှယ်များအား ထပ်မံ ရှင်းလင်းတင်ပြရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
NCA-S EAO ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်း ရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်းက နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် “ပြီးခဲ့တဲ့ မိမိတို့ နှစ်ဖက်ညှိနှိုင်း အစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ရဲ့ အကြောင်းအရာတွေထဲက သဘော မတူသေးတဲ့ အချက်တွေကို ဒီအစည်း အဝေးမှာ ဆွေးနွေးညှိနှိုင်းခဲ့တယ်။ အဓိက အရေးပါတဲ့ သဘောတူညီ ချက်များကိုလည်း ထပ်မံရရှိခဲ့ပါတယ်။ ဒါတွေဟာ တိုးတက်မှုပဲဖြစ်ပါတယ်။ လာမယ့်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပရေးဆိုင်ရာ အခင်းအကျင်းကို အသေးစိတ် ဆွေးနွေးနိုင်ခဲ့ပြီး ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို ညှိနှိုင်းနိုင်ခဲ့သလို ဆက်စပ်အစည်းအဝေးများ ကျင်းပ ရေးအတွက် ပြင်ဆင်မှုတွေကို ဆောင်ရွက်သွားဖို့ ဆွေးနွေးနိုင်ခဲ့ပါ တယ်။
သဘောတူညီချက်အတည်ပြုဖို့
“မိမိတို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေရဲ့ လာမယ့်ဆွေးနွေးညှိနှိုင်း အစည်းအဝေးရလဒ်တွေကို UPDJC နိုင်ငံရေးပါတီအစုအဖွဲ့တွေကို ထပ်မံ ရှင်းလင်း တင်ပြနိုင်ရေးအတွက် ဒီအစည်းအဝေးမှာ သဘောထား ချမှတ်နိုင်ခဲ့ပါတယ်။ ဆွေးနွေးဖို့ ကျန်ရှိတဲ့ အချက်တွေကို လာမယ့် သတ္တမအကြိမ်မြောက် အစိုးရနဲ့ NCA-S EAO နှစ်ဖက်ညှိနှိုင်းရေး အစည်းအဝေးမှာ ဆက်လက်ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒီအစည်း အဝေးကရရှိတဲ့ အစည်းအဝေးရလဒ် တွေကို JICM အကြိုပြင်ဆင်ခြင်း အစည်းအဝေးနဲ့ JICM အစည်းအဝေး မှာ အပြီးသတ်သဘောတူညီချက် အတည်ပြုပေးဖို့ ဆက်လက် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
“အားလုံး ကျေနပ်လက်ခံတဲ့၊ ပြီးပြည်စုံတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆို နိုင်ရေး၊ အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ် ချောမွေ့စွာ ရှေ့ဆက် ချီတက်သွားနိုင်ရေးတို့အား ဦးတည် ပြီး ဒီညှိနှိုင်းအစည်းအဝေးမှာ ဝိုင်းဝန်း ကြိုးပမ်း ဆွေးနွေးပေးကြတဲ့အတွက် မိမိအနေနဲ့ နှစ်ဖက်ခေါင်းဆောင် များကို ချီးကျူးဂုဏ်ပြုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအောက်မှာ နေထိုင်သွားလာလှုပ်ရှားရတာဖြစ်လို့ အားလုံးက ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနဲ့အညီ လိုက်နာ ဆောင်ရွက်ပြီး ကျန်းမာအောင် နေထိုင်သွားလာ လှုပ်ရှားကြပါလို့ တိုက်တွန်းပါတယ်” ဟု ပြောကြား သည်။
ဆက်လက်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် “ကျွန်တော်တို့ အစိုးရနဲ့ NCA-S EAO တို့ရဲ့ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့တာ ဒီနေ့က နောက်ဆုံးနေ့ ဖြစ်ပါတယ်။ JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေ နဲ့အညီ ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း-၃ မှာ ရလဒ် ကောင်းတွေရရှိဖို့ မူဘောင်သဘော တူညီချက်တွေ၊ ၂၀၂ဝ အလွန် ရှေ့လုပ်ငန်းစဉ် အကောင်အထည် ဖော်မှု ကိစ္စတွေ၊ အခြေခံမူ ရရှိရေး တွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါ တယ်။
“ဖက်ဒရယ်စနစ်ရဲ့ အဓိက အခြေခံဖြစ်တဲ့ သဘောတူညီမှုတွေ၊ ဆွေးနွေးမှုတွေအပေါ်မှာ အခြေခံ တာဖြစ်ပါတယ်။ ညှိနှိုင်းမှုတွေဟာ များစွာ အဓိကကျပါတယ်။ စေ့စပ် ညှိနှိုင်းမှုတွေ အလျော့အတင်း မရှိဘူး ဆိုရင် ရှေ့ဆက်ဖို့ မရနိုင်ပါဘူး။ နှစ်ဖက်စလုံးက အဖြေရချင်တဲ့ဆန္ဒ၊ အဖြေထွက်ချင်တဲ့ ၊ ရလဒ်ကောင်းတွေ ရချင်တဲ့ ဆန္ဒနဲ့ ကြိုးစားခဲ့ကြပါတယ်။ အစည်းအဝေးအတွင်းမှာရော၊ သီးခြား တွေ့ဆုံတဲ့ အချိန်တွေမှာရော ရလဒ် ကောင်းတွေ ထွက်ဖို့အတွက် နှစ်ဖက် အပြန်အလှန်လေးစားမှု၊ စိတ်ရှည်မှု၊ ရည်မှန်းချက် ရောက်ဖို့အတွက် တစ်ဖက်နဲ့ တစ်ဖက်ဆန္ဒတွေ လေးစား အလေးထားပြီး ကြိုးစားခဲ့ကြပါတယ်။ တစ်ဖက်ခေါင်းဆောင်ပြောခဲ့သလိုပဲ ကျွန်တော်တို့ ရလဒ်ကောင်းတွေ လည်းရခဲ့ပါပြီ။ ကျွန်တော်တို့ နေပြည်တော်မှာ ဆက်လက်ပြီး ဆွေးနွေးကြမယ်။ ကျွန်တော်တို့ရဲ့ စတုတ္ထအကြိမ်- (၂၁) ရာစု ပင်လုံ ညီလာခံမှာ တကယ့်အခြေခံဖက်ဒရယ် ကောင်းတွေရဖို့အတွက် ဆက်လက် ပြီး ကြိုးစားကြပါမယ်” ဟု ပြောကြားခဲ့သည်။
မီဒီယာများ မေးမြန်း
အစည်းအဝေးအပြီးတွင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးနှင့် NCA-S-EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့က ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာ များအား ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
အစိုးရ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းကိုယ်စားလှယ်များ (NCA - S EAO) ၏ သတ္တမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို လာမည့် ဩဂုတ်လ ပထမပတ်တွင် နေပြည်တော်၌ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment