ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးနှင့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆိုနိုင်ရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များ ဆောင်ရွက်လျက်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S-EAO ကိုယ်စားလှယ် နိုင်အောင်မငေး တို့ မီဒီယာများနှင့် တွေ့ဆုံဖြေကြား
ရန်ကုန် ဇူလိုင် ၂၉
(၈) ကြိမ်မြောက် JICM အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေး၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆို နိုင်ရေး အတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စား လှယ်များ (NCA-S EAO) ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက်ကျင်းပခဲ့သည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S-EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့က အစည်းအဝေး တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့သည်။
ပြန်ပြီးဆွေးနွေးရတဲ့အပိုင်းရှိ
နှစ်ဖက်ကိုယ်စားလှယ်များ၏ ဆဋ္ဌမအကြိမ် အလုပ်အဖွဲ့အစည်းအဝေးနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အခုက အစိုးရနဲ့NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များက ကိုယ်စားလှယ်တွေရဲ့ (၆)ကြိမ်မြောက် အစည်းအဝေးကျင်းပတာ ဖြစ်ပါတယ်။ (၆) ကြိမ်မြောက် အစည်းအဝေးကို မူလ က သုံးရက်ကျင်းပဖို့ မှန်းထားပေမယ့် လေးရက်လောက် ကျင်းပခဲ့ရပါတယ်။ နောက်ထပ် ထပ်တိုးပြီး အချိန်ယူ ဆွေးနွေးခဲ့ရတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ကိုယ့်ရဲ့ အစုအဖွဲ့ အတွင်းမှာ လည်း ပြန်ပြီးဆွေးနွေးရတဲ့အပိုင်း ရှိပါ တယ်။ ဒီနေ့လို ရက်ထပ်တိုး ဆွေးနွေးရပေမယ့် သဘော တူညီချက်တွေလည်း တော်တော်လေးရရှိပါတယ်” ဟု ပြောသည်။
ဆွေးနွေးညှိနှိုင်းမှုများနှင့် စပ်လျဉ်း၍ ဦးဇော်ဌေးက “အပိုင်းသုံးပိုင်းပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆိုမယ့် အပိုင်းပေါ့။ အပိုင်းတစ်မှာ ဆိုရင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်ပါ။ အဲဒီမှာဆိုရင် ကျွန်တော်တို့ ၁၃ ချက် ရပါတယ်။ ဆွေးနွေးဖို့ကျန်တာ သုံးချက်ပါ။ ဒီသုံးချက်ကလည်း အများကြီးကွဲလွဲမှုမရှိဘူး။ အချို့အပိုင်းလေးတွေ ကျေကျေလည်လည်ဖြစ်အောင် လုပ်နေရတဲ့အတွက် အဆင်ပြေသွားမယ့်သဘော ရှိပါတယ်။
အဆင့်သုံးဆင့် ခွဲခြားထားတာရှိ
အပိုင်းနှစ်ကတော့ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်း စဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု ဖြစ်ပါ တယ်။ အဲဒီမှာတော့ ဇယား(၁)နဲ့ ဇယား(၂)ဆိုပြီး ရှိပါတယ်။ ဇယား (၁)မှာ ခေါင်းစဉ်ကြီး ရှစ်ခုရှိပါတယ်။ အဲဒီ အပေါ်မှာ သဘော တူညီမှုရရှိပြီး ဖြစ်ပါတယ်။ အသေးစိတ် ဆက်သွားလို့ ခေါင်းစဉ်ခွဲတွေ သတ်မှတ်တဲ့အဆင့် ဇယား(၂) အပိုင်းမှာ တော့ ကျွန်တော်တို့နဲ့ EAO ကြားမှာ ဆွေးနွေးနေတဲ့ အပိုင်းမှာ အဓိကအချက်ဖြစ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကဏ္ဍနဲ့ ပတ်သက်လို့ အဆင့်သုံးဆင့် ခွဲခြား ထားတာ ရှိပါတယ်။ အဲဒီအဆင့်တွေခွဲတဲ့အပေါ်မှာ နှစ်ဖက်ဆက်ပြီးညှိနှိုင်းရမယ်။ အဲဒီအချက်ရရင် ဇယား (၂) ကို ရသွားတဲ့အပိုင်း ရှိပါမယ်။ ဒါကြောင့် တော်တော်လေး သဘောတူညီချက်ရနေတဲ့ အနေအထားရှိပါတယ်။
အပိုင်းသုံးကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံ မူများ ဖြစ်ပါတယ်။ အဲဒီမှာ ဆွေးနွေးနေတာ ရှစ်ချက်ရှိပါ တယ်။ နှစ်ဦးနှစ်ဖက် သဘောတူထားတာ နှစ်ချက်ရှိတယ်။ ဆက်ဆွေးနွေးဖို့ကျန်တာ ခြောက်ချက်ရှိပါတယ်။ ဒါကလည်း မပြီးပြတ်သေးတာ မဟုတ်ပါဘူး။ အချို့အချက် တွေ သဘောတူတယ်။ သို့သော် သဘောတူပြီးတဲ့ အချက်တွေ သည် အခြားအချက်တွေနဲ့ ချိတ်ဆက်နေတဲ့ အတွက် ဆက်ဆွေးနွေးနေရတဲ့ အနေအထားရှိပါတယ်။ နောက် အစည်းအဝေးတစ်ကြိမ်ဆို ပြီးပြတ်သွားမယ့် အနေအထား ရှိတယ်လို့ မျှော်မှန်းပါတယ်။
ဒါကြောင့် အခု (၆) ကြိမ်မြောက် အစည်းအဝေးအပြီး လာမယ့် ဩဂုတ်လ ၁ ရက်နေ့ဆို နေပြည်တော်မှာ တွေ့မယ်။ ဒါတွေပြီးရင် JICM အကြိုအစည်းအဝေး၊ JICM အစည်းအဝေးတွေ လုပ်မယ်။ နောက် UPDJC အစည်းအဝေး ပြီးတာနဲ့ ညီလာခံကိုကျင်းပဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဖြေကြားသည်။
NCA-S-EAO ကိုယ်စားလှယ် နိုင်အောင်မငေးက “အခုက ကျွန်တော်တို့ (၆)ကြိမ်မြောက် အလုပ်အဖွဲ့ညှိနှိုင်း အစည်းအဝေး ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလကို ကျော်ဖြတ်ရင်းနဲ့ အွန်လိုင်းကနေပဲ ဆွေးနွေးရင်းကနေ ဒါဟာ ပထမဆုံး မျက်နှာစုံညီအစည်းအဝေး ဖြစ်ပါတယ်။ အပိုင်းတစ်မှာ ဦးဇော်ဌေးပြောခဲ့သလို မူဘောင်မှာ ဆက်လက်ဆွေးနွေးဖို့ သုံးချက်ပဲ ကျန်ပါတယ်။ အပိုင်း နှစ်မှာ ဇယား( ၂ )ကိုပဲ ဆက်လက်ဆွေးနွေးဖို့ ကျန်ပါတယ်။ အဲဒီမှာလည်း လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းပဲ ဆက်လက်ဆွေးနွေးသဘောတူဖို့ ကျန်ရှိ ပါတယ်။ အပိုင်း သုံးမှာ ရှစ်ချက်ရှိပါတယ်။ အဲဒီမှာ နှစ်ချက်ရရှိပြီး ခြောက်ချက် ဆွေးနွေးဖို့ ကျန်ပါ တယ်။ အဲဒီမှာလည်း တစ်ချက်နဲ့ တစ်ချက်၊ တစ်ပိုင်းနဲ့တစ်ပိုင်း ချိတ်ဆက်မှုရှိတဲ့အတွက် ကြောင့် ဆွေးနွေးပွဲ မပြီးပြတ်သေးတာပါ။ ဩဂုတ် ၁ ရက် နေ့ကျရင် နေပြည်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သတ်မှတ် ထားပါတယ်။ ဒါတွေပြီးရင် အကျိုးရလဒ်ကောင်း တစ်ခုရမယ်လို့ မျှော်လင့်ပါတယ်” ဟု ဖြေကြားသည်။
ထို့နောက် တက်ရောက်လာသည့် သတင်းမီဒီယာများ က ဩဂုတ်လ ဒုတိယပတ်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်း အဝေးနှင့် ဆောင်ရွက်သွားမည့် အခြေအနေ များကို မေးမြန်းကြသည်။
ညီလာခံဖိတ်ကြားရေး
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အပစ်ရပ် NCA စာချုပ် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအား ဖိတ်ကြားရေး နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ကျွန်တော်တို့ ဘယ်သူမှ မဖိတ်ရ သေးပါဘူး။ အခု အစည်း အဝေးတွေပြီးရင်တော့ ဖိတ်ကြားသွားဖို့ ရှိပါတယ်။ NCA မထိုးရသေးတဲ့ အဖွဲ့တော်တော် များများကို ဖိတ်ကြားဖို့ ရှိပါတယ်။ ဖိတ်မှာပါ။ နိုင်ငံရေးပါတီတွေလည်း ဖိတ်ရမယ်။ သံတမန်တွေကိုလည်း ဖိတ်ရပါမယ်။ မီဒီယာနဲ့ ပတ်သက် ရင်တော့ ပြန်ကြားရေးဝန်ကြီးဌာနက စည်းမျဉ်း စည်းကမ်း တွေ ထုတ်ထားတာ ရှိပါတယ်။ အလားတူ ကိုဗစ်-၁၉ ကာလမှာ ကျင်းပရတဲ့ ညီလာခံဖြစ် တာကြောင့် ယခင် ညီလာခံတွေမှာ လေ့လာသူတွေ ခွင့်ပြုတာရှိပေမယ့် အခုတော့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ညီလာခံကျင်းပတဲ့ အခင်းအကျင်းကလည်း ယခင်ကလိုမဟုတ်ဘဲ MICC-1 နဲ့ MICC-2 နှစ်နေရာခွဲ ကျင်းပပါမယ်။ အရင်က MICC-2 မှာသာ ကျင်းပပေမယ့် social distancing အရ အဆင် မပြေတာကြောင့် တကယ့်ကို အရေးပါတဲ့ JICM အစည်း အဝေးတွေ၊ UPDJC အစည်းအဝေးတွေကို MICC-1 မှာ ကျင်းပပါမယ်။ MICC-2 မှာတော့ ဖွင့်ပွဲကျင်းပမယ်။ ခေါင်းဆောင်တွေ တက်ရောက်ပြီး မူဝါဒမိန့်ခွန်းတွေ ပြောကြားပါမယ်။ ကိုဗစ်-၁၉ ကာလမှာ လုပ်ရတာကြောင့် ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံ လျှော့ချရပေမယ့် ညီလာခံရလဒ်နဲ့ အနှစ်သာရကောင်းတွေရရှိအောင် နှစ်ဖက် ကြိုးစားနေပါတယ်။ နိုင်ငံရေးပါတီ အစုအဖွဲ့တွေကိုလည်း ကျွန်တော်တို့ ရှင်းပြနေပါတယ်” ဟု ဖြေကြားသည်။
ညီလာခံသို့ နိုင်ငံတကာအဖွဲ့အစည်းများ တက်ရောက်ရေး
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ နိုင်ငံတကာအဖွဲ့အစည်းများ တက်ရောက်ရေးနှင့် ပတ်သက်၍ “အခုက နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ကျွန်တော်တို့ ခွင့်ပြု ထားခြင်း မရှိဘူး။ ဒါကြောင့် နိုင်ငံပြင်ပက လာမယ့်သူတွေ အခက် အခဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဖိတ်ကြားတဲ့သူက ကိုယ်တိုင်တက်ရပါမယ်။ ကိုယ်စားတက်ရောက်ခွင့် မပြုပါ ဘူး။ ယခင်က ညီလာခံလာရင် သံတမန်တွေဆို + ၁ ခေါ်လာပါတယ်။ မရှိမဖြစ်မှအပ လူပိုခေါ်ခွင့် မရှိပါဘူး။ တက်ရောက်မယ့် သူတွေက လည်း Swab နမူနာယူရပါမယ်။ သတ်မှတ်တဲ့ ဟိုတယ်မှာပဲ နေရပါမယ်” ဟု ဦးဇော်ဌေးက ပြောသည်။
အပစ်ရပ် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေး သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံတက်ရောက်ရေးနှင့် ပတ်သက်၍ နိုင်အောင်မငေး က “ကျွန်တော်တို့ NCA-S EAO တွေရဲ့ ဆန္ဒက သူတို့ကို လည်း ဖိတ်ကြားစေချင်ပါတယ်။ အစိုးရကိုလည်း ပြောပြ ထားပါတယ်။ ဖိတ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။ တက်ရောက်ခြင်း ရှိ/မရှိ ကတော့ သူတို့အပိုင်းပါ။ ကျွန်တော် တို့ကတော့ အစိုးရကို ဖိတ်ပေးဖို့ ပြောထားပါတယ်” ဟု ဖြေကြားသည်။
No comments:
Post a Comment