ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာတွင် ဇွန်လ ၁၃ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခုက ရွာအတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဆိုသည့် ဦးထွန်းမောင်စိန်၏ အလောင်းကို ယနေ့ ဇူလိုင်လ ၃၁ရက်နေ့ အိမ်သာကျင်းထဲမှ ပြန်လည်တွေ့ရှိခဲ့ရကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောဆိုသည်။
“ အရင်တုန်းက အန်တီတို့ ရခိုင်ဖက်မှာ အမျိုးသမီးတစ်ဦးကို သတင်းဌာနတွေ အင်တာဗျူးထားတယ်လေ။ သူ့ယောင်္ကျားအပစ်ခံလိုက်ရတယ်ဆိုပြီး တပ်မတော်က ဝင်လာတဲ့စစ်ကြောင်းကနေလေ။ သူတို့အဲဒီမှာ အလောင်းကို သူတို့ သဂြိုလ်ဖို့ မရလိုက်ဘူးပေါ့။ ရွာမှာလူမရှိတဲ့အတွက် ရွာကလူတွေက အကုန်ထွက်ပြေးသွားတယ်ပေါ့။ စစ်ကြောင်းထွက်သွားတဲ့အခါ ပြန်လာတဲ့အခါမှာလည်း သူ့ရဲ့ ယောကျာ်း အလောင်းကို သူတို့မတွေ့ဘူးပေါ့။ သူကိုယ်တိုင်က ပစ်သတ်တဲ့အခါ သူကိုယ်တိုင် မျက်မြင်သက်သေဖြစ်ခဲ့တယ်ဆိုတာ သတင်းဌာနတွေမှာ အင်တာဗျူးတွေ တက်ပါတယ်။ ဒီနေ့မှာတော့ အဲဒီအိမ်က အပုတ်နံ့ရတဲ့အတွက် လိုက်ရှာတဲ့အခါကျတော့ အိမ်သာတွင်းမှာ ပစ်ထားခဲ့တယ်လို့ပြောတယ်။ အဲဒီအလောင်းကို အိမ်သာတွင်းက ယူပြီးတော့ ဒီမနက်ပဲ သဂြိုလ်လိုက်တယ် ဆိုတာတော့ ရွာသားတွေ ဖုန်းဆက်ပါတယ်” ဟု ၎င်းကပြောဆိုသည်။
ကျေးရွာသားတစ်ဦးက ဦးထွန်းမောင်စိန် ပစ်သတ်ခံရသည့် ဇွန်လ ၁၃ရက်နေ့က ချိန်ခါလီကျေးရွာအနီး တပ်မတော်နှင့် AA တို့ကြားတိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကျေးရွာသူ ကျေးရွာသားများ စစ်ရှောင်ရန်ထွက်ပြေးသွားခဲ့ကြကြောင်း၊ ဦးထွန်းမောင်စိန်နှင့် ဇနီး၊ ကျန်းမာရေးမကောင်းသူများသာ ရွာတွင် ကျန်ရှိခဲ့ကြောင်း ပြောဆိုသည်။
“ ဒီမနက်က အလောင်းကိုတွေ့ပါတယ်။ ဒီမနက်ပိုင်းအစောလောက်မှ ကျွန်တော် တို့ရှာတွေ့တဲ့အခါ အိမ်နောက်ဘက် အိမ်သာတွင်းထဲမှာတွေ့ပါတယ်။ အခု ပျောက်သွားတာ ၁၉ရက်လောက်ရှိနေပြီ ဒီနေ့မှ အိမ်သာတွင်းထဲမှာ နွားတွေက တွန်းတဲ့အခါမှာ ပေါက်ပြဲသွားတယ်။ အဲဒီအခါမှာ ဒီအိမ်သာတွင်းမှာရှိတဲ့ အလောင်းကို တွေ့တာပေါ့။ ဦးထွန်းမောင်စိန် အလောင်းဆိုပြီး ပြောနိုင်တာက သူ့အဝတ်အစားရယ် သူ့မှာပါတာတွေက ထင်ထင်ရှားရှားပြောလို့ရတယ်။ အိမ်ရှေ့မှာ သေနတ်နဲ့ ပစ်သတ်လိုက်တယ် ပြီးတော့ အိမ်နောက်ဖက်ကို အလောင်းကိုယူပြီးတော့ ထည့်လိုက်တဲ့ပုံစံဖြစ်ပါတယ်။ ဒီဖြစ်စဉ်မျိုး တစ်ခုပဲရှိပါတယ်။ ကျွန်တော်တို့ရွာဘက်မှာ အဲဒီနေ့က ပစ်သတ်လိုက်တာလည်း သူတစ်ယောက်တည်းရှိတော့ ဦးထွန်းမောင်စိန်ဆိုတာ ပြောလို့ရပါတယ်” ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးကပြောဆိုသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများဖြစ်သော ဗိုလ်ချုပ် ထွန်းထွန်းညီနှင့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်းမရှိပေ။
https://web.facebook.com/khitthitnews/photos/a.386800725090613/974742236296456/?type=3&__xts__%5B0%5D=68.ARCBho-6T9LDEfkLRAwrW95o-oCN_VWEK0DSP8u4Yhv5asGd5uEhW60_ABqcsY1V6yMCRIKWi-uXGbR830eFkQ9ny7aQLWNPw8H6EmhckSFJvLERaxihzucft38l8MXBRECjuhN-IKU4BrtVNAsbHM8Vw1h1oTKCMMvyOhWl4aea-R6STLca-rNC6zlFkd1TrO9BgmdNlQpz10o7B39ZDuyTWQNjUeLb8z1gYK8e2ceL6NIH9-hGEQ2-YsqSi1fEQvVsolb_0UEqt-ey5exh_cVbjG0tFmx20qLev57MZUU6ljEFuY0D0KxOFsqw7L0q0AhwTTNL4ZOgy-lwA1lUQSI&__tn__=-R
No comments:
Post a Comment