Friday, July 31, 2020

သားသမီး ၃ ဦးမိခင် နော်မူနော်ကို ပစ္စည်းလု ပစ်သတ်ခဲ့သည့် တပ်မတော်သား ၂ ဦးကို စစ်ခုံရုံးက အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ဟုဆို၊ မည်သည့်ပြစ်ဒဏ်ဆိုသည်ကို မဖော်ပြ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာတွင် သားသမီး ၃ ဦးမိခင် အမျိုးသမီးတစ်ဦးကို တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သော တပ်မတော်သား ၂ ဦးကို အမြင့်ဆုံးပြစ်ဒဏ် စစ်ခုံရုံးက ချမှတ်လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ပစ္စည်းလု လူသတ်မှုကျူးလွန်ခဲ့သည့် တပ်သား သန်းစိုးလွင် နှင့် ဟိန်းမင်းထက် တို့သည် ဇူလိုင် ၁၇ ရက်တွင် အဖမ်းခံခဲ့ကြကြောင်း၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပစ္စည်းလုသည့်အပြင် လူကို သေစေသည်အထိ ပြစ်မှု ကျူးလွန်သည့်အတွက် စစ်တရားရုံးက အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ဖော်ပြထားသည်
တရားခံ တပ်မတော်သား နှစ်ဦးသည် ဇူလိုင် ၁၆ ရက်တွင် ပိုလိုထကျေးရွာ အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်မုနော် ထံမှ ပစ္စည်းလုယက်မှုအပြင် လူကိုသေစေသည်အထိ ပြစ်မှုကျူးလွန်ခဲ့သဖြင့် ဇူလိုင် ၂၉ ရက်တွင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့သည်ဟု သတင်းထုတ်ပြန်သော်လည်း ပြစ်ဒဏ်ကို ဖော်ပြထားခြင်းမရှိပေ။
စစ်တရားရုံးဖြင့် စစ်ဆေးဆောင်ရွက်ရာသို့ ဘီးလင်းမြို့နယ်၊ ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းပီး၊ ရင်းအုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းဦး၊ ဒညင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဆွဲ တို့အပါအဝင် အခြားရပ်မိရပ်ဖ ၁၁ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ တက်ရောက်လေ့လာခဲ့ကြကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖာပွန်မြို့နယ်တွင် တပ်မတော်ကို ဒေသခံ ထောင်ပေါင်းများစွာ နှစ်ကြိမ်တိုင် ဆန္ဒပြခဲ့ကြပြီး တပ်စခန်းများ ယင်းဒေသမှ ရုပ်သိမ်းရန်လည်း တောင်းဆိုနေကြသည်။

https://web.facebook.com/khitthitnews/photos/a.386800725090613/974806652956681/?type=3&__xts__%5B0%5D=68.ARAjKuNtrZLAeUqi-1kBVDk4PSJNbLdGw7jtAAUpgOypy61NUwxG3OiN8pLGEeUEyUMKv11meF6lDLihongL3d7G6ck-e74ocJMZWjn7d6Ab0l2dTOc1UBIELelMTEyWtCyGoR4YvsPW6ZpeFiNHTtRBLStVDrP6G1pruzu-_p9eWfD14IqBWv2_UtriQ6vHBmXG9qPnMYl91zBSDX9JnlutwwoEkosr4a4InbqZVkQVqzoKfaSPqXIGOAi70bExqQBmTLJVueyfBmTA4R9MRot74DU-ulOv8xbrMIEf_cqrUIuaOTMG-6kaRsW1LQsJZwcPA0YURlM14WU3GgUawlE&__tn__=-R

No comments:

Post a Comment