ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မောက်စလီကျေးရွာတွင် နေထိုင်သော အမျိုးသမီးတစ်ဦးကို တပ်မတော်သားတစ်ဦးက ဇွန်လ ၂၄ရက်နေ့တွင် အဓ္ဓမပြုကျင့်ရန် ကြံစည်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန် စံပြသဘောအနေဖြင့် တပ်မတော်က ပွင့်လင်းမြင်သာစွာ အရေးယူဆောင်ရွက်ပေးရန်လိုအပ်ကြာင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းရွက်လွင်ကပြောဆိုသည်။
ဇွန်လ ၂၄ရက်နေ့ နံနက် ၉နာရီအချိန်တွင် မိုင်းတုံမြို့နယ် မယ်ကင်းကျေးရွာနားအနီးတွင် အခြေစိုက်သော ခလရ-၂၇၇ နှင့် ခလရ- ၁၃၃ စခန်းရှိ တပ်မတော်သား ၁၅ဦးခန့် နေထိုင်သည့် တပ်စခန်းမှ တပ်သား ဆန်းလင်းအောင် ဆိုသူသည် မယ်ကင်းမြစ်ကမ်းသို့ ဆင်းလာပြီး ဝမ်မိုင်မောက်ပေါင်းဟွမ်ကျေးရွာ အရောက်တွင် နှမ်းရိတ်သိမ်းလျက်ရှိသည့် အသက် ၃၂နှစ်အရွယ် အမျိုးသမီးကို အဓ္ဓမပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီး၏ အမျိုးတော်စပ်သူ တစ်ဦး ရောက်ရှိလာသည့်အတွက် ယင်းတပ်သား ဆန်းလင်းအောင်ဆိုသူသည် ၎င်းတပ်စခန်းသို့ ထွက်ပြေးသွားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ က ပြောဆိုသည်။
“ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ထိရောက်တဲ့အရေးယူမှုတွေ တစ်စုံတစ်ရာပြုလုပ်ပေးပြီး နောက်ထပ်အလားတူဖြစ်စဉ်မျိုး ထပ်မဖြစ်ဖို့ပေါ့။ လိုအပ်တာပေါ့။ သူတို့ဘက်ကလည်း စံနမူနာအနေနဲ့လည်း ပြစ်ဒဏ်ပေးသင့်ရင်လည်း ပေးရမှာပေါ့။ သူတို့ဘက်က သိပ်ပြီးတော့ မပွင့်လင်းဘူး။ တပ်ဘက်ကလေ ဘယ်လိုပြစ်ဒဏ်ပေးမယ်ဆိုတာ သူတို့က အတိအကျလည်းမပြောဘူး။ ပြစ်ဒဏ်ပေးမယ်ဆိုတာလောက်ပဲ ပြောခဲ့တာပေါ့” ဟု ဦးစိုင်းရွက်လွင်ကပြောဆိုသည်။
အဆိုပါ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့် တပ်သား ဆန်းလင်းအောင်ကိစ္စကို မိုင်မောက်ပေါင်းဟွမ် ကျေးရွာ ရွာသူကြီးထံ သွားရောက်တိုင်ကြားခဲ့ပြီး ရွာသူကြီးက ကြံစည်ခံခဲ့ရသည့် အမျိုးသမီးကို ခေါ်ဆောင်ကာ တပ်မှူးထံ သွားရောက်တိုင်ကြားခဲ့ကြောင်း၊ တပ်မှူးက ပြစ်မှုကျူးလွန်ရန် ကြံစည်ခဲ့သည့် တပ်သားကို မယ်ကင်းဒေသ လားဟူပြည်သူ့စစ်ခေါင်းဆောင်အိမ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ နောက်တစ်နေ့တွင် မိုင်းတုံအခြေစိုက် အစိုးရတပ်ဗျူဟာမှူးရုံးက အရာရှိ ဗိုလ်ကြီးအောင်ထိုက် မယ်ကင်းသို့ ရောက်ရှိလာပြီး ပြစ်မှုကျူးလွန်သည့် တပ်သားအား အပြစ်ပေးမည်ဖြစ်ကြောင်းပြောဆိုကာ တပ်သား ဆန်းလင်းအောင်ကို မိုင်းတုံ တပ်အကျဉ်းထောင်တွင် ချုပ်ထားမည်ဟု ပြောဆိုခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု ပြောဆိုခဲ့သော်လည်း ပြစ်မှုကျူးလွန်ရန် ကြံစည်ခံခဲ့ရသည့် မိသားစုများအနေဖြင့် ပြစ်မှုကျူးလွန်သည့်တပ်သားအား အမှန်တကယ် အပြစ်ပေးခြင်း ရှိမရှိကို မသိရှိကြောင်း၊ အမှုတွင် ပါဝင်ဆောင်ရွက်ချက်များလည်း အားရကျေနပ်စရာမရှိကြောင်း၊ ရွာ သူရွာသားများသည် ကြံစည်ခံခဲ့ရသည့် အမျိုးသမီး၏မိသားစုဝင်များ နှင့်အတူ မယ်ကင်းတပ်စခန်း အနီးတဝိုက်တွင်နေ ထိုင်ရသည်မှာ လုံခြုံမှုမရှိသည်ဟု ခံစားရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဓမ္မပြုကျင့်မှု ကျူးလွန်ရန် ကြံစည်ခဲ့သော တပ်သား မည်သို့ အရေးယူဆောင်ရွက်ထားကြောင်း သိရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီ နှင့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။
https://web.facebook.com/khitthitnews/photos/a.386800725090613/974496199654393/?type=3&__xts__%5B0%5D=68.ARDawlnty_jH_H6sB_10eKLeBXmLzai998pgD8W03N0vHUFvJUvu4SF6xU5brejbXvhOshRET9BqUfrKFtSSG5syjJlKUyr0nxWezIKhl9eKW5c0bAFRHwYd2LlpeFzVXCAUzEvBYL-zeehTUHbZay4JTxyMlT36AWyhHXB7Rk0InGnk6NsaXHFW1ddzmrBCx-I9cqIgkDriFaUA28T83C1yKowvbOW019DrMQz6O_HeFPAtR99Gs_026g40UG29x2FOzFid5HYvgRXhB5XHyLMzxy7vzqE9ifWjepbLW2hBltGonUkJW7imZs2BOJfuYN8xC_Xaa0ayBZkuoWZgQV8&__tn__=-R
No comments:
Post a Comment