COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလထဲလက်နက်ကိုင် တိုက်ပွဲတွေ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ မြန်မာ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီးများ ကွန်ဖရင့်က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Francis နဲ့ ကုလ အတွင်းရေးမှူးချုပ် António Guterres တို့က COVID-19 ကာလထဲ တိုက်ပွဲတွေ ရပ်စဲထား ဖို့ တောင်းဆိုထားတဲ့ကြားက အခုလို တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ် ဝမ်းနည်းမိတယ်လို့လည်း တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာ ချက် မှာ ပါရှိတယ်လို့ ဗာတီကန် သတင်း ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် အစိုးရက နယ်မြေရှင်းလင်းရေး သတိပေးချက် ထုတ်ပြန်ခဲ့တာကြောင့် တပတ်အတွင်း ကျေးရွာပေါင်း ၄၀ ကျော်က လူတွေ ဘေးလွတ်ရာ ထွက်ပြေးတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးတဲ့နောက်မှာ ကက်သလစ် ဘုန်းတော်ကြီးတွေက အခုလို ကြေညာ ချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို မိုးရာသီနဲ့ COVID-19 ကပ်ရောဂါ ကာလမှာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်သူတွေဆီ ရောက်ရှိရေးက အခက်အခဲ အများကြီး ရှိမှာ ဖြစ်ပြီး ထောင်ပေါင်း များစွာသော အပြစ်မဲ့ အိုးအိမ်မဲ့ခဲ့ရသူတွေ ငတ်မွတ်မှုနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်လည်း ရှိနေ တယ်လို့ ဘုန်းတော်ကြီးတွေက ပြောပါတယ်။
ငြိမ်းချမ်းရေးရအောင် စူးစူးစိုက်စိုက် လုပ်ဆောင်နိုင်ရင် တစ်ချိန်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ အချမ်းသာဆုံးနိုင်ငံ တစ်နိုင်ငံ ပြန်လည် ဖြစ်လာမှာ ဖြစ်ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် စစ်ရေးနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ အောင်နိုင်သူ မရှိခဲ့ကြောင်း၊ စစ်ဟာ တိုင်းပြည် အတွက် ကုစားလို့မရတဲ့ ရောဂါကြီး ဖြစ်လာနေကြောင်းလည်း ကြေညာချက်ထဲ ပါရှိပါတယ်။
အခု COVID 19 ကပ်ရောဂါ အန္တရာယ်က ငြိမ်းချမ်းရေးရဖို့အရေး အားလုံး အတူ ရပ်တည်ကြဖို့ တောင်းဆိုနေပါတယ်။ ငြိမ်းချမ်းရေးဟာ ရရှိနိုင်တဲ့အရာ ဖြစ်သလို တခုတည်းသော အဖြေပါ။ အစိုးရရော၊ အစိုးရ မဟုတ်သူတွေပါ ငြိမ်းချမ်းရေး အတွက် ပံ့ပိုးကူညီဆောင်ရွက် ပါလို့ ဘုန်းတော်ကြီးတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။
No comments:
Post a Comment