Wednesday, July 1, 2020

ရခိုင်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ နေ့စဉ်ထပ်တိုးနေ

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရမှုတွေ ကြုံနေရသလို၊ နောက်ထပ် ထွက်ပြေးနေကြသူတွေ တိုးလာနေတဲ့ အခြေအနေတွေကို ကိုသက်နိုင် ပြောပြမှာပါ။
အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်နဲ့ အမ်းမြို့နယ်တွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ဆက်လက် ထွက်ပြေးနေရတာ အခုဆိုရင် ထောင်နဲ့ချီရှိနေပါပြီ။
အမ်းမြို့နယ် ဒလက်အုပ်စုဘက်မှာလည်း တပ်မတော်က နယ်မြေရှင်းလင်းရေးအတွက် ဒေသခံတွေကို ထွက်ခွာပေးဖို့ ပြောဆိုခဲ့ပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အခုရက်ပိုင်းအတွင်းမှာ စစ်ရှောင်ဦးရေ ပိုတိုးလာနေတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေကို ကူညီနေတဲ့ အမ်းမြို့ နယ်က ကိုမျိုး လွင်က ပြောပါတယ်။
" အမ်းမြို့နယ် ဒလက်အုပ်စု နတ်မော်ကျေးရွာမှာ ရှိတဲ့ ကျေးရွာသားတွေကို တပ်မတော်က နေပြီးတော့ ကျေးရွာမှာမနေကြတဲ့ ထွက်ကြတာဆိုတော့ ထွက်ပေးရတာပေါ့။ နှင်ထုတ်တာကတော့ ဇွန်လ ၂၈ရက်ကနေ ၂၉ရက်အတွင်း နောက်ဆုံးထားပြီးတော့ ထွက်ပေးရမယ်ဆိုတာကို တပ်မတော်က လာပြီးတော့ နှုတ်မိန့်နဲ့ လာပြီး အမိန့်ပေးတာပေါ့နော်။နောက်တစ်ခုက နတ်မော်ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် ၂ဦးသေတယ်။ သုံးဦးဒဏ်ရာရတယ်။ ပြီးတော့ တိုက်ပွဲတွေလည်း မကြာမကြာဖြစ်နေတော့ ဒီရက်ပိုင်း မှာ စစ်ဘေးရှောင်တွေ နေရပ်စွန့် ထွက်ပြေးလာတာပေါ့နော်။"
လက်ရှိအချိန်အမ်းမြို့နယ် အတွင်းမှာ ဒုက္ခသည် နှစ်ထောင်နီးပါးအထိရှိနေပြီး အစိုးကဖွင့်ပေးထားတဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြသူတွေ ရှိသလို တစ်ခြားဆွေမျိုးအိမ်တွေမှာ နေထိုင်နေကြတာ လည်းရှိပါတယ်။
အမ်းမြို့ပေါ်က ပဲပဒုံ ဒုက္ခသည်စခန်းမှာတော့ ဒီရက်ပိုင်းအတွင်း စစ်ရှောင်ဦးရေတွေ တိုးလာတာ ကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ စခန်းတာဝန်ခံ ဦးသန်းချိုက ပြောပါတယ်။
" ပထမပိုင်းကတော့ ကျနော်တို့ ဒီစခန်းမှာ လူ ၂၀၀ကျော် ၃၀၀ လောက်သာရှိတော့ အဆင်ပြေတာပေါ့။ ဒီတစ်ပတ်အတွင်းမှာပဲ လူုဦးရေက တစ်ဆကျော်မြင့်တက်သွားတော့ ဒီစခန်းမှာ လူဦးရေ ၆၀၀ ကျော် သွားပြီ။ အဲတော့ အဲဒီလူတွေအတွက် လက်တလော စီစဉ်ရတာ ကျနော်တို့မှာ အခက် တွေ့တာပေါ့။ နေထိုင်စရာ အဆောက်အဦး နောက်အခြေခံ စားသောက်ကုန်တွေ ကတော့ တော်တော်လည်း အခက် တွေ့တာပေါ့ ။ မျှတပြီး တော့ စားရတာပေါ့။"
ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်က ကျောက်တန်း ကျေးရွာအုပ်စုအနီး တပ်မတော်က စစ်ဆင်ရေး တွေ ဆင်နွှဲဖို့ ရှိတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်ဖို့ ညွှန်ကြား ချက်ကို ပြန်လည်ရုပ် သိမ်းလိုက်ပေမယ့် လည်း တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဆက်လက် ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။ စစ်ရှောင်လူဦးရေ ရုတ်တရက်တိုးလာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ လည်း ဒုက္ခသည်တွေကို ကူညီနေသူ ကိုဘက္ကာက ပြောပါတယ်။
" တိုးတာပေါ့ စစ်ရှောင်တွေက တစ်နေ့ပြီးတစ်နေ့ တိုးလာနေတော့ ကျနော်တို့မှာ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ကအစ တော်တော်လေးကို ခက်ခဲနေကြပါတယ်။"
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်မှုတွေနဲ့ ဒုက္ခသည်တွေ ထွက်ပြေးနေရတဲ့ အခြေအနေတွေအပေါ် ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ကနေဒါ၊ ယူကေနဲ့ သြစတြေးလျ သံရုံးတွေက စိုးရိမ်တဲ့ သဘောထားတွေ ထုတ်ပြန်ပြီး နောက်မှာပဲ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးအတွက် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ညွှန်ကြားချက်ကို ပြည်နယ်အစိုးရက ပြန်ရုပ်သိမ်းခဲ့တာပါ။
ညွှန်ကြားချက် ပြန်ရုပ်သိမ်းလိုက်ပေမဲ့လည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါ တယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကလည်း ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ အဆုံးသတ်ဖို့လည်း Geneva မြို့မှာ အင်္ဂါနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တိုက်တွန်းခဲ့တာပါ။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ ကလည်း ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေတွေ ပိုဆိုး လာမှာ စိုးရိမ်ကြောင်းလည်း အင်္ဂါနေ့မှာပဲ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန် သတိပေး ထားပါတယ်။

No comments:

Post a Comment