Wednesday, July 1, 2020

ကျောက်ဖြူမှာ မြန်မာတပ်မတော်ယာဉ်တန်းတိုက်ခိုက်ခံရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ တပ်မတော်စစ်ယာဉ်တန်းမိုင်းဆွဲ တိုက်ခိုက်ခံလို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး ဒေသခံတွေ ဖမ်းဆီးခံရတာတွေ ရှိနေသလို၊ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။
ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအနီး နယ်မြေခံတပ်က လစာငွေထုတ်တဲ့ တပ်မတော်ယာဉ်တန်းတစ်ခု မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရအပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ပဲ ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။“ကျောက်ဖြူမှာရှိတဲ့ ကျနော်တို့ ရေတပ်ကဖြစ်ပါတယ်ဗျ။ အဲဒီမှာလစာငွေ ထုတ်ယူဖို့အတွက် ယာဉ်တန်းသွားတာ ရှိတယ်။ သွားတာကို AA ငါး ယောက်လောက်က ကျောက်ဖြူကအထွက် ပျားတဲရွာပေါ့။ ရွာရဲ့ အနောက်တောင်မီတာ ၁,၅၀၀ လောက်မှာ ရီမုမိုင်း သုံးလုံးနဲ့ ဖေါက်ခွဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ ဒီဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့တာရှိတယ်။ အဲဒီမှာအလောင်းတလောင်း ရရှိတယ်။ အလောင်းနဲ့အတူ ဝါယာကြိုးတွေရယ်၊ ပြီးရင် ကျနော်တို့ ရီမုတွေ။ အဲတာတွေ ရမိခဲ့တာ ရှိပါတယ်။"
တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးတဝိုက်က မသင်္ကာဖွယ်သူတွေကို ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
“အဲဒီနေရာလေးတဝိုက်ကဘဲ ပျားတဲရွာတောင်ဘက်ကနေ ဖမ်းမိတဲ့သူတွေ ရှိတယ်။ ၃၀ ရက်နေ့ဖမ်းမိတဲ့သူတွေကတော့ ကျနော်တို့ မသင်္ကာဖွယ်လူတွေကတော့ စစ်ဆေးနေဆဲပဲ ရှိပါတယ်။”
ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူး မောင်ခင်ဦးကတော့ ဖမ်းဆီးထားတဲ့ သူတို့ ရွာသားတွေ ဒီကနေ့မှာ ပြန်လွတ်လာပြီလို့ ပြောပါတယ်။
“၃၀ ရက်နေ့ ၁၂ ခွဲမှာ ဖြစ်တဲ့ကိစ္စကတော့ ဖမ်းယူသွားတာကတော့ ၁၂ ယောက်။ အဲဒီ ၁၂ ယောက်ကို ဒီနေ့ ပြန်ပြီးတော့ လွှတ်လိုက်ပြီ။”
ဇွန်လ ၃၀ ရက်နေ့ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှု ဖြစ်စဉ်ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်သွယ်မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်တုန်းကလည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ နယ်မြေခံတပ်ဖွဲ့တွေကနေ မသင်္ကာဖွယ် ကပ်သပြေရွာသား တချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“အဲဒီရက်မတိုင်ခင်ကလည်းပဲ တခါ တပ်က လှည့်ကင်းလှဲ့နေတာ ရှိတယ်။ ကပ်သပြေရွာအနားလေးမှာ မသင်္ကာဖွယ် ဖမ်းမိတာရှိတယ်။ ၇ ဦးလောက်ဖမ်းမိတယ်။ ၇ ဦးကို စစ်ဆေးတဲ့နေရာမှာ တဦးကတော့ AA အမာခံဖြစ်တာပေါ့။ သူ့ရဲ့ ဖုန်းထဲက AA နဲ့ ဆက်သွယ်ယူထားတဲ့ တပ်လှုပ်ရှားမှုသတင်းပေးတဲ့ဟာတွေ အဲတာတွေ ရရှိတယ်။ သူ့ကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်။ အဲဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာ ခုဏ မိုင်းထောင်တိုက်ခိုက်တာတွေ ဖြစ်လာတာပေါ့ဗျာ။”တပ်မတော်ဘက်က ကပ်သပြေရွာသား ၇ ဦးကို စစ်ကြောင်းကနေ ဖမ်းသွားတယ်လို့ ပြောဆိုနေပေမဲ့ ဇွန်လ ၂၆ ရက် နေ့က ရွာသား လူငယ်ကိုးဦးကို ဓညဝတီရေတပ်စခန်းက ဖမ်းဆီးသွားခဲ့တယ်လို့ဆိုသလို အခုထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
“၂၆ ရက်နေ့ ညနေ ၇ နာရီ အဲဒီလူ ကိုးယောက် ဖမ်းဆီးသွားတယ်။ လူ ကိုးယောက်ကတော့ ဓညဝတီရေတပ်စခန်းကပေါ့ ခေါ်သွားတယ်။ မလွတ်သေးပါဘူး။”
ကျောက်ဖြူမြို့နယ်၊ သပြုချိုင်ကျွန်း၊ လောင်းချောင်းကျေးရွာက ပုဇွန်ကန်စောင့် အလုပ်လုပ်ကိုင်နေတဲ့ စစ်မှုထမ်းဟောင်း တစ်ဦးကို ဇွန် ၂၄ ရက်မှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်ဖြူဒေသဘက်မှာ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် ရာနဲ့ ချီတဲ့ဒေသခံတွေ မြို့အတွင်းတိမ်းရှောင်နေကြရတယ်လို့ ပျားတဲကျေးရွာသား ဦးခိုင်မောင်ဖြူက ဆိုပါတယ်။
“ကပ်သပြေရွာသားတွေ အခုဒီမှာ ကျောက်ဖြူမှာ ပရဟိတကျောင်းမှာ ရှိတယ်။ ပျားတဲကလဲရှိတယ်။ မောက်ပြီးတော့ ဓမ္မဆာယာကျောင်း။ ဘုန်းကြီးကျောင်းပေါ့။ လူဦးရေ ၂၄၉ ယောက် ၂၅၀ ပေါ့။ လက်ရှိ နောက်ဝင်ဦးမယ်။”
ရခိုင်ပြည်နယ်အတွင်း ဒီရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာ နည်းလာပြီး၊ ဗုံးခွဲတိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာလည်း တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မယ်လို့ ထုတ်ပြန်ပြီး နောက်ပိုင်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဆိုပေမဲ့ ဒေသခံရွာသားတွေကတော့ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်မှာ တိမ်းရှောင်မှုတွေရှိနေဆဲပါ။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တနှစ်ကျော်အကြာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ရှောင်နေရတဲ့ ရွာသား ၁၆၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂၅၀ ကျော် ဒဏ်ရာရသူ ၅၅၀ ကျော်နဲ့ မသင်္ကာလို့ အဖမ်းခံရတဲ့သူ ၅၀၀ ရှိနေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကတော့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်နစ်နာနေရတဲ့အတွက် အမြန်ဆုံး အပစ်အခတ်ရပ်ဖို့လည်း မနေ့တုန်းကပဲ တိုက်တွန်းထားပါတယ်။

No comments:

Post a Comment