ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်သားတချို့ရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့သူ အမျိုးသမီးနဲ့ ပတ်သတ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ အတွက် ရခိုင်တိုင်းရင်းသား အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က တောင်းဆိုလိုက်တဲ့ အကြောင်းပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးကို တပ်မတော်သားသုံးဦးက ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီးစွပ်စွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်ခံရတယ်လို့ စွပ်စွဲထားတဲ့ ကာယကံရှင်အမျိုးသမီးကတော စစ်တွေမြို့မရဲစခန်းမှာ ဒီလ ၁၀ရက်နေ့ကပဲ အမှုဖွင့်ထားပါတယ်။
အမှုနဲ့ပတ်သက်လို့ ရဲစခန်းမှာ စစ်ဆေးနေပေမဲ့ အဖြစ်မှန်ပေါ်ပေါက်စေချင်တဲ့ အတွက် အခုလို စုပေါင်းတောင်းဆိုခဲ့ရတာလို့လည်း မနေ့တုန်းက ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တဲ့ ရခိုင်အမျိုးသမီးကွန်ယက် အဖွဲ့ရဲ့ ပြောခွင့်ရ ဒေါ်ညိုအေးက ပြောပါတယ်။
"အပွင့်လင့်ဆုံးပြောရရင်တော့ ကျမတို့အမှု ဖွင့်ထားတဲ့ ကာယကံရှင်အမျိုးသမီးရဲ့ အမှုမှန်ပေါ်ပေါက်စေချင်တဲ့ အတွက် အဖွဲ့အားလုံးကလည်း ဒီအလုပ်ဟာ လုပ်သင့်တယ်လို့ ဆိုပြီးတော့ ထုန်ပြန်ရတယ်ဆိုတာကလည်း အားလုံးသိဖို့အတွက် ကျမတို့က ထုတ်တာ။ နောက်တစ်ခုက ဒီအမှုက လုပ်ရင်းလုပ်ရင်းနဲ့ မှေးမှိန်သွားမှာ မလိုလားတဲ့အတွက် အမှုမှန်ပေါ်ပေါက်ဖို့အတွက် လုပ်တာပေါ့နော်။"
အမျိုးသမီးရေးလှုပ်ရှားနေတဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကလည်း အမှုကို စုံစမ်းစစ်ဆေးမှုတွေမှာ ပွင့်လင်းမြင်သာမှု ရှိ၊ မရှိ စောင့်ကြည့်နေတယ်လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး နော်ဆဲဆဲက ပြောပါ တယ်။
"အခုရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အမှုအပေါ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေမက ကျမတို့အားလုံးကလည်း စောင့်ကြည့်နေတယ်ပေါ့နော်။တပ်မတော်က ဒီအမျိုးသမီးအပေါ်မှာ ဘယ်လိုတာဝန်ယူမှု တာဝန်ခံမှုရှိမလဲ ဆိုတာကို စောင့်ကြည့်နေတဲ့ အနေအထားတွေ ရှိသလို တကယ်လို့ အရေးယူ ဆောင်ရွက်မှု မရှိဘူးဆိုရင် တစ်ခြားသောလူမှုအဖွဲ့အစည်းတွေ အပါအဝင်စောင့်ကြည့်ပြီးတော့ ကျူးလွန်သူတွေကို အရေးယူနိုင်ရေး ဆောင်ရွက်သွားဖို့ရှိတယ်ပေါ့။"
တပ်မတော်ဘက်ကတော့ အဓမ္မပြုကျင့်ခံရကြောင်း စွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း ဒီလဆန်းပိုင်းမှာပဲ ကြေညာချက်ထုတ်ပြန် ငြင်းဆန်ထားပါတယ်။ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေမှာ တပ်မတော်သားတွေ ကျုးလွန်ကြောင်း တွေ့ရှိခဲ့တာတွေ ရှိရင်လည်း ဥပဒေနဲ့အညီ အရေးယူ ကိုင်တွယ်လေ့ရှိကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီက ဗွီအိုအေ ကို ပြောထားဘူးပါတယ်။
မြန်မာနိုင်ငံအတွင်းက စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ဘက်က အမျိုးသမီး တွေအပေါ် အဓမ္မကျုးလွန်းခဲ့တဲ့ အမှုပေါင်း ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အထိ ၉၄ မှုရှိတယ်လို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတယ်လို့ နော်ဆဲဆဲကပြောတယ်။
"ကျမတို့ ၂၀၁၄ တုန်းက ထုတ်တဲ့ စာအုပ်တစ်ခုရှိတယ်။ တပ်မတော်က ကျူးလွန်တဲ့ အမှုက နိုင်ငံတကာ standard နဲ့အညီဆိုရင် ၉၄ မှုရှိတယ်။ အဲဒီမှာ အချက်အလက်တွေ သက်သေရှိတဲ့ အနေအထားမှာ ၉၄ မှုရှိတယ်။ အခုဒီ ၂၀၁၄ နောက်ပိုင်းမှာ ကျူးလွန်ထားတဲ့ အမှုတွေရှိတယ်ပေါ့နော်။ ကျမတို့ မကြာခင်မှာ ထုတ်ပြန်ဖို့ရှိတယ်။ စာရင်းပြုစုနေတယ်။ နောက်ပြီးတော့တရားမျှတမှု အတိုင်းအတာ ဘယ်လောက် ရှိတယ်။ ပြစ်ဒဏ် ကင်းလွတ်ခွင့် ဘယ်လိုရှိနေလဲဆိုတာကို အစီရင် ခံစာတစ်ခု ထုတ်ဖို့ရှိတယ်။"
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်မှာတုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက် ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြံုရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး တွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ဖူးပါတယ်။
လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားတာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့လည်း ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားလိုလုပ် တိုင်ကြားထားတာပါ။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာမရှိကြောင်းနဲ့ ကျုးလွန်သူတွေကိုလည်း စုံစမ်းဖော်ထုတ် အရေးယူတာတွေရှိကြောင်း အစဉ်တစိုက် ပြောဆိုထားပါတယ်ခင်ဗျာ။


No comments:
Post a Comment