ရသေ့တောင်မှ အမျိုးသမီးတစ်ဦးကို တပ်မတော်သားဟုဆိုသူ ၃ဦးက အဓမ္မပြုကျင့်မှု အမှုမှန်မပေါ်ပေါက်လျှင် ပြင်းထန်သောလှုပ်ရှားမှု ဆောင်ရွက်မည်ဟု အရပ်ဖွဲ့အစည်းများပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာသူ တစ်ဦးကို တပ်မတော်သားဟုဆိုသူ ၃ဦးက အဓမ္မပြုကျင့်မှုအပေါ် ဇူလိုင်လ ၂၇ရက်နေ့တွင် အရပ်ဖက်အဖွဲ့အစည်း ၁၁၈ဖွဲ့က ကြေညာချက်ထုတ်ပြန်၍ အမှုမှန်မပေါ်ပေါက်လျှင် ပြင်းထန်သော လှုပ်ရှားမှုများလုပ်ဆောင်သွားမည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ ရှေ့ဆက်ပြီးလုပ်မှာက ဒီအမှုကို ဘယ်အတိုင်းအတာထိနေပြီးတော့သူတို့ ဆောင်ရွက်မလည်း ဆိုတာကို ကျွန်တော်တို့က စောင့်ကြည့်နေတဲ့အနေအထားရှိပါတယ်။ တစ်ဖက်ကလည်း ဒီအမှုကို ပျက်ပြယ်အောင်လုပ်ဖို့ဆိုပြီးတော့ ကြံစည်ထားလိမ့်မယ်လို့ ကျွန်တော်တို့ကမျှော်လင့်တယ်ထင်တယ်။ အဲဒီလိုပုံစံမျိုး မဖြစ်ဖို့အတွက်လည်း ကျွန်တော်တို့ အမြဲတမ်း စောင့်ကြည့်နေမယ့် သဘောရှိပါမယ်။ တကယ်လိုများ တစ်ခုခုလွဲချော်ပြီးတော့ တခြားဘာဖြစ်တယ်။ ညာဖြစ်တယ်။ ပုံစံမျိုး ဒီအမှုမှန်မပေါ်ပေါက်ရေးအတွက် လုပ်မယ်ဆိုရင်ထပ်ပြီးတော့ ဒီထက်ပြင်းထန်တဲ့ ထုတ်ပြန်ချက်ကို ထုတ်ရပါလိမ့်မယ် ” ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောဆိုသည်။
လက်ရှိချိန်တွင် အဆိုပါအမှုကို စစ်တွေမြို့နယ် အမှတ် ၁ ရဲစခန်းက စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု သိရှိရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနှင့် ပြစ်ဒဏ်ရချမှတ်ရေးအတွက် မလုပ်ဆောင်လျှင် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အရပ်ဖက်အဖွဲ့အစည်း ၁၁၈ဖွဲ့က တောင်းဆိုချက် အချက် (၈)ချက်ဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုရာတွင် လက်ရှိ ရခိုင်ပြည်တွင် ဖြစ်ပွားနေသောလက်နက်ကိုင် ပဋိပက္ခများ ကြောင့်အပြစ်မဲ့ ပြည်သူများမှာ ကျီးလန့်စာစားနေရပြီး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်း အသက်သေဆုံးရခြင်း အိုးအိမ်များဖျက်ဆီး ၊မီးရိူးခံရခြင်းနှင့် သံသယမှုများကြောင့် မတရားဖမ်းဆီး၊ ညှင်းပန်းနှိပ်စက်ခံရနေရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မူပေါင်းမျိုးစုံကို ခံစားနေကြရသဖြင့် စိတ်ပိုင်းဆိုင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများ ကြောက်ရွံ့စိုးရိမ် ထိတ်လန့်မှုများနှင့် မလုံခြုံမှုများကို ရင်ဆိုင်နေကြကြောင်း ဖော်ပြထားသည်။
ထို့ပြင် လက်နက်ကိုင် ပဋိပက္ခများအတွင်း အမျိုးသမီးများအား မုဒိမ်းပြုကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူဖြစ်ပေါ်နေခြင်းကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ အနေဖြင့် ပြင်းပြင်း ထန်ထန်ကန့် ကွက်ရူံချကြောင်း၊ နောင်တွင်လည်း မုဒိမ်းအမှုအပါအဝင်၊ အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပေါ်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုတင်ကာကွယ် တားဆီးဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် တို့ တောင်းဆိုထားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးမှာ ဗိုလ်ချုပ်ထွန်းထွန်းညီကမူ တပ်မတော်သား များအနေဖြင့် မုဒိမ်းမှု ကျူးလွန်ခြင်းမျိုးမရှိခဲ့ကြောင်း၊ ရှိခဲ့လျှင်လည်း လုံး၀ သည်းခံမည်မဟုတ်ကြောင်း၊ လက်ရှိအခြေအနေတွင် ဥပဒေများအတိုင်း ရဲတပ်ဖွဲ့က စိစစ်လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဖြေဆိုထားသည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/973267399777273/?type=3&__xts__%5B0%5D=68.ARD_weMl10fQ7YOWnlly36x8XBx61o1zmScOjkpKK_5Ir6k-vKONsytdhNtcGuz5ZnV8306rXEtpOtDxa1t7w9ibl9_5JF7kHAWAxrU5chEvDfEFdlTm2dHUkStL8vTddS7uS1dRpgq5ExiAnqi54qXrqGO-nYd1y8V7ydtLPxYn1vb2G0aKlSHsOg6v9s6Rbsfsw7CPd99c0JpaHG-h_dX2omT_zvK7JMNXtoiSyBtIQNp-G8un8usLf89SUxN9LXiwo-VZQB_E3P3ydTgJ-c2peY4iKh7E4uKV_Vj534E3r8qqWCB0DHOmtiIT1SFPMIjgDNbvdZQDaFEgEvBJ5EU&__tn__=-R
No comments:
Post a Comment