Wednesday, July 29, 2020

ရခိုင်မှာ AA နဲ့ ဆက်နွယ်မှုနဲ့ ဖမ်းဆီးခံရသူနဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ထပ်တိုးနေ

ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ဒေသခံတွေ တိုးလာနေသလို စစ်တပ် လှုပ်ရှားမှုတွေကြောင့် စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သူတွေ ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ VOA မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် ရခိုင်ပြည်နယ်ကနေ သတင်းပေးပို့ထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေသခံတွေ ဖမ်းဆီးခံရတာတွေလည်း တနေ့တခြား ပိုများလာနေပါတယ်။ ကျောက်ဖြူမြို့နယ် ရေနံဒွင်ကျေးရွာက အမျိုးသမီးသုံးဦးကိုလည်း AAရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက် ဆက်နွယ်နေတာကို အထောက်အထားတွေနဲ့အတူ ဖမ်းဆီးမိတယ်ဖို့ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။
ရေနံဒွင်ကျေးရွာက အမျိုးသမီးသုံးဦးအပါဝင် ဖမ်းဆီးထားသူ ၅ဦးကိုတော့ ကျောက်ဖြူမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ကျောက်ဖြူမြို့နယ်က ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။
"အခုကတော့ သူတို့ကို အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့တော့ သိရတယ်။ ဒါပေမယ့် တိတိကျကျ တော့ အမှုကို ဘယ်လိုပုံစံမျိုးနဲ့ စွဲထားတယ်ဆိုတာကတော့ အတိအကျမသိရသေးဘူး။ သတင်းတွေမှာ တွေ့ရတာက တော့ ပုဒ်မ ၅၀(ည) ၅၂(က)နဲ့ စွဲထားတယ်လို့တော့ သိရတယ်။ အကုန်လုံးကတော့ ၁၃ရက်နေ့က နှစ်ယောက် ၂၂ရက်နေ့က မိန်မကြီး သုံးယောက် အကုန်လုံး ၅ယောက်ပေါ့ ရေနံဒွင်ကျေးရွာက။"
ဖမ်းဆီးထားသူ အမျိုးသမီး ၃ ဦးမှာ တစ်ဦးဟာ AA အဖွဲ့အတွက် နယ်မြေတွင်း စည်းရုံး ဟောပြောနေသူဖြစ်ပြီး နေအိမ်ှာ ပြောက်ကျားဝတ်စုံတစ်စုံ၊ ရဲယူနီးဖောင်ဝတ်စုံတစ်စုံ တို့ကိုပါကိုတွေ့ရှိသိမ်းဆည်းမိခဲ့ကြောင်း တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်အမျိုးသမီး ၂ ဦးဟာလည်း AA အဖွဲ့အတွက် ရိက္ခာနဲ့ ဆက်ကြေးငွေကောက်ခံပေးနေသူတွေလို့ စွပ်စွဲထားတာပါ။
ဒေသတွင်း စစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့အတူ ဖမ်းဆီးမှုတွေ တိုးလာနေတဲ့အတွက်လည်း တချို့ဒေသခံတွေ ထွက်ပြေးနေကြပါတယ်။ မနေ့ကလည်း ကျောက်ဖြူမြို့နယ် လိပ်ခမော် ကျေးရွာမှာ လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီး စစ်ဆေးတာတွေရှိတာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသူတွေ ရှိတယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။
"ဒီကလူတွေက ဘာဖြစ်လဲဆိုတော့ စိုးရိမ်စိတ်တွေ ဝင်လာတယ်လေ။ သူတို့အတွက် လုံခြုံမှုမရှိတော့ဘူးဆိုပြီး ရွာကလူငယ်လေးယောက်ကို ဖမ်းပြီး စစ်လိုက်တာနဲ့ အင်မတန်ကြောက်လန့်ပြီးတော့ နီးစပ်ကျေးရွာတွေကို ထွက်ပြေးသွားကြတယ်။ လက်ရှိမှာတော့ နောက်လည်း ဒီလိုဖြစ်လာမလားဆိုပြီး ရွာသားတွေကတော့ စိုးရိမ်နေကြတာပေါ့နော်။ သူတို့ အတွက် လုံခြံုမှု မရှိတော့ဘူးဆိုပြီးလေ။စစ်ကားလာပြီဆိုရင်သူတို့က တော်တော်ကို ကြောက်ကြတာ။"
စစ်တပ်က ဒေသခံတွေကို စစ်ဆေးမေးမြန်းမှုတွေကြောင့် လုံခြုံရေးစိုးရိမ်ပြီး ထွက်ပြေးလာသူတွေ တိုးလာနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကလည်း ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့ အချိန်မှာ ဖမ်းဆီးအရေးယူတာတွေ တိုးလာတဲ့အပေါ် စိုးရိမ်တယ်လို့လည်း ပြောပါတယ်။
"အခုအခြေအနေက ကျနော်တို့ ကျောက်ဖြူမြို့နယ် တစ်ခုလုံး ရမ်းဗြဲမြို့နယ်အထိပါ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ ရှိနေတဲ့ အခါကျတော့ မြန်မာ့တပ်မတော်က လာပြီဆိုတာနဲ့ ထွက်ပြေးမယ့် သူတွေများနေတယ်။ ရေနံဒွင်ကျေးရွာမှာ ဆိုရင်လည်း လူငယ် လူလတ်ပိုင်းတွေက တော်တော်လေးကို မရှိသလောက် နည်းနေပြီ မနေ့က ဆိုရင် လိပ်ခမော်ကျေးရွာက ရှိသမျှလူတွေ အကုန်လုံးပြေးလာတယ် ကပ်သပြေဘက်မှာလည်း ရွာကလူတွေ ထွက်ပြေးလာတာရှိတယ်။ ဆိုတော့ ဒီအချိန်မှာ ရွေးကောက်ပွဲမှာ ပြည်သူတွေက မဲထည့်ဖို့ အားစိုက်နေရမယ့်အချိန်မှ ဖမ်းဆီးမှုတွေ များလာတယ်။ ထွက်ပြေးရမယ့် အခြေအနေမျိုး ဖြစ်နေတာကတော့ မဖြစ်သင့်ဘူး။"
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေ ဖမ်းဆီးခံရတာ ထိခိုက်သေကျေတာတွေအပြင်၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း ပိုတိုးလာနေပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြား ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တစ်ချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားတာကြောင့် အရပ်သားတွေ ပိုထိခိုက်စေပြီး ဥပဒေနဲ့လည်း ဆန့်ကျင်နေတာကြောင့် မြန်မာအစိုးရ အနေနဲ့ အင်တာနက်လိုင်းတွေကို ချက်ချင်းပြန်ဖွင့်ပေးဖို့ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ HRW ကလည်း တိုက်တွန်းထားပါတယ်။

No comments:

Post a Comment